Friday, July 15, 2016

ပြင်သစ်တွင် အကြမ်းဖက်သမား တစ်ဦးက လူအုပ်ထဲ ထရပ်ကားဖြင့် ဝင်တိုက်သဖြင့် ၈၀ ကျော်သေဆုံး


ပြင်သစ်နိုင်ငံတွင် ပွဲတော်တစ်ခုအတွက် စုရုံးနေသည့် လူအုပ်ထဲသို့ အကြမ်းဖက်သမား တစ်ဦးက ကုန်တင်ကားဖြင့် ဝင်တိုက်ရာ အနည်းဆုံး လူ ၈၀ မျှ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူများထဲတွင် ကလေးငယ်များပါ ပါဝင်ပြီး အခြားသူ အမြောက်အမြားလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။ ဇူလိုင် ၁၄ ရက်က နိုက်စ်မြို့ရှိ လူစည်ကားရာ ပရိုမန်ဒေး ဒက်စ် အန်ဂလိုင်စ် အရပ်တွင် ပြင်သစ် အမျိုးသားနေ့ဖြစ်သည့် Bastille အထိမ်းအမှတ် ပွဲတော်အတွက် လူအများ စုရုံးနေစဉ် ယခုတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

မီးရှူးမီးပန်း အလှအပများ ပစ်ဖောက်သည့် အစီအစဉ်ကို လူအများ စုရုံးကြည့်ရှုနေစဉ် ထရပ်ကားကြီးက ထိုလူအုပ်ကို ဝင်တိုးခဲ့ခြင်း ဖြစ်သည်။ လုံခြုံရေးများက ထရပ်ကား မောင်းနှင်လာသူကို ပစ်သတ်ခဲ့ကြသည်။ ထရပ်ကားပေါ်တွင် လက်ပစ်ဗုံးနှင့် သေနတ်များကို ရှာဖွေ တွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်းက အဆိုပါ တိုက်ခိုက်မှုသည် အကြမ်းဖက် လုပ်ငန်းစဉ် တစ်ခုအဖြစ် အတည်ပြုခဲ့သည်။ ၎င်းက ပြင်သစ်တွင် အရေးပေါ် အခြေအနေ သတ်မှတ် ထုတ်ပြန်ထားမှုကို နောက်ထပ် ၃ လ သက်တမ်းတိုးမြှင့်လိုက်ကြောင်းလည်း ကြေညာခဲ့သည်။ ပြင်သစ်သည် နိုဝင်ဘာလက ပါရီတွင် ဖြစ်ပွားသည့် လူပေါင်း ၁၃၀ သေဆုံးသည့် အကြမ်းဖက် တိုက်ခိုက်မှု အပြီးကတည်းက အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်ထားသည်။ မူလ သတ်မှတ်ချက်အရ အဆိုပါ ကြေညာချက်သည် ဇူလိုင် ၂၆ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

“ပြင်သစ်ဟာ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပါတယ်။ ဒါကို ပြန်တွန်းလှန် တိုက်ခိုက်ဖို့ ကျွန်တော်တို့ အနေနဲ့ အစွမ်းရှိတာ မှန်သမျှ လုပ်ဆောင်ဖို့ လိုပါတယ်။ ပြင်သစ်တစ်နိုင်ငံလုံးဟာ အစ္စလာမ်မစ် အစွန်းရောက်တွေရဲ့ ခြိမ်းခြောက်မှုအောက် ကျရောက်နေပါပြီ။ အခုတိုက်ခိုက်မှုမှာ လူမမယ် ကလေးငယ် တချို့ပါ အသက်ဆုံးရှုံးခဲ့ရပါတယ်”ဟု ဟော်လန်းက ကြေညာခဲ့သည်။

၎င်းက ပြင်သစ်၏ အရန်တပ်ဖွဲ့များကို နိုင်ငံ၏ စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များကို အကူအညီပေးရန် အားဖြည့် ဖြန့်ကျက်သွားမည်ဟု ဆိုသည်။ အထူးသဖြင့် နယ်ခြားဒေသများတွင် လုံခြုံရေးကို ပိုမိုမြှင့်တင် ကြပ်မတ်ရန် လိုအပ်နေကြောင်း သမ္မတက ပြောကြားခဲ့သည်။

နိုက်စ်မြို့ ဆေးရုံများ၏ အဆိုအရ ယခုတိုက်ခိုက်မှုတွင် အနည်းဆုံး လူ ၅၀ ခန့် ဒဏ်ရာရခဲ့ပြီး ၁၈ ဦးမှာ အခြေအနေ ဆိုးရွားကြောင်း သိရသည်။ အစိုးရရှေ့နေ ဂျင်းမိုက်ကယ် ပရီထရီက အဆိုပါ ထရပ်ကားကြီးသည် လူအုပ်ကြီးကို ဖြတ်သန်းကာ ၂ ကီလိုမီတာမျှ ခရီးပေါက်အောင် မောင်းနှင်ပြီး ရှေ့တွင် ရှိသမျှကို တက်ကြိတ်သွားခဲ့ကြောင်း ဆိုသည်။ အခင်းဖြစ်ရာ နေရာကို ရိုက်ယူထားသော ဓာတ်ပုံများကို လူမှုကွန်ရက် စာမျက်နှာများတွင် မျှဝေခဲ့ရာ လမ်းတလျှောက် လူအများအပြား လဲနေသည်ကို တွေ့ရသည်။

အစောပိုင်းက ထရပ်ကားသမားသည် ဓားစာခံများကို ဖမ်းဆီးခေါ်ယူလာကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ပီယေးအွန်နရီ ဘရန်ဒက်က ငြင်းဆိုခဲ့သည်။ ၎င်းက လုံခြုံရေး တပ်ဖွဲ့များသည် ထရပ်ကား မောင်းနှင်သူကို ရှင်းလင်း သုတ်သင်ခဲ့ကြောင်း အတည်ပြုပြီး ယင်းတစ်ဦးတည်း ယခုပြစ်မှုကို ကျူးလွန်ခြင်း ဟုတ်မဟုတ် စစ်ဆေးနေကြောင်း ဆိုသည်။

မည်သည့်အဖွဲ့အစည်းကမျှ ယခုလုပ်ရပ်အတွက် တာဝန်ခံ ကြေညာမှု မရှိသေးချေ။ အစိုးရ ရှေ့နေများကမူ အမှုကို အကြမ်းဖက်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် စုံစမ်းသွားမည်ဟု ပြောကြားခဲ့သည်။ ထရပ်ကားသမားသည် ရှင်းလင်းသုတ်သင်မှု မခံရမီ ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည့်တိုင် ယင်းကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

Credit To>>> 7 Day Daily

0 comments:

Post a Comment