Wednesday, June 8, 2016

ယခုဘဏ္ဍာနှစ်စ အခွန်ကောက်ခံရရှိမှု ပြီးခဲ့သည့်နှစ်စကထက် ကျပ် ၄၈ ဘီလီယံကျော်ပို

ရန်ကုန်တိုင်းဒေသကြီး၌ ယခုဘဏ္ဍာနှစ် (၂၀၁၆-၂၀၁၇) တစ်လကျော်ကာလအတွင်း အခွန်ကောက်ခံရရှိမှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ် ယင်းကာလတူကထက် ကျပ် ၄၈ ဘီလီယံကျော် ပိုမိုကောက်ခံရရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်စ ဧပြီလမှ မေလတတိယပတ်အတွင်းအထိ ကောက်ခံရရှိမှုသည် ကျပ် ၂၅ ဒသမ ၈ ဘီလီယံကျော်သာရှိခဲ့ရာမှ ယခုဘဏ္ဍာနှစ် အလားတူကာလအတွင်း ကျပ် ၇၃ ဒသမ ၂ ဘီလီယံကျော် ကောက်ခံရရှိထားကြောင်း အဆိုပါဌာန၏ စာရင်းဇယားများအရ သိရသည်။
ယခုနှစ်အတွင်း အခွန်စည်းကြပ်ကောက်ခံမှု အရှိန်ရလာခြင်းနှင့် အခွန်ထမ်းများဘက်က ပေးဆောင်မှု မြင့်တက် လာခြင်းကြောင့် အခွန်ပိုမိုကောက်ခံရရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးအတွက် အခွန်ကောက်ခံရန် လျာထားချက်သည် ကုန်သွယ်ခွန် ကျပ် ၁၅၆ ဘီလီယံကျော်၊ ဝင်ငွေခွန် ကျပ် ၃၁၁ ဘီလီယံကျော်၊ တံဆိပ်ခေါင်းခွန် ကျပ် ၂၅ ဘီလီယံကျော်နှင့် အထူးကုန်စည်ခွန် ကျပ် ၆၀ ဘီလီယံလျာထားပြီး လတ်တလောကျပ် ၇၃ ဘီလီယံကျော် ကောက်ခံရရှိပြီး ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ကျပ် ၉၉၄ ဘီလီယံကျော် ကောက်ခံရန်လျာထားခဲ့ပြီး ကျပ်ဘီလီယံ ၁၀၀၀ ကျော် ကောက်ခံရရှိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။


Credit To >>> The Voice Weekly

0 comments:

Post a Comment