Wednesday, June 8, 2016

ကျူးကျော်အိမ်ခြေ ၆၀၀၀ နီးပါးရှိ ဒဂုံဆိပ်ကမ်းမြို့နယ် (၆၀) ရပ်ကွက်တွင် အိမ်ဆောက်၍ ငှားစားသူများက အိမ်ငှားများအား ဖယ်ရှားပေးရန် စေခိုင်းမှုများရှိနေ


ကျူးကျော်အိမ်ခြေ ၆၀၀၀ နီးပါးရှိ ဒဂုံဆိပ်ကမ်းမြို့နယ် (၆၀) ရပ်ကွက်တွင် အိမ်ဆောက်လုပ်ထားသည့် အိမ်ရှင်များက အိမ်ငှားများအား နေအိမ်မှ ဖယ်ရှားပေးရန် စေခိုင်းမှုများ ပြုလုပ်နေကြောင်း အိမ်ငှားကျူးကျော်များ၏ ပြောပြချက်အရ သိရသည်။
မေလ နောက်ဆုံးပတ်အတွင်း ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကျူးကျော်နေထိုင်သူ စာရင်းများ လိုက်လံကောက်ယူခဲ့ပြီး အဆိုပါစာရင်းများတွင် အိမ်ရှင်များက ၎င်းတို့ နာမည်သာ ပါဝင်စေရန် အိမ်ငှားများအား ဖယ်ရှားခိုင်းမှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု အိမ်ငှားများက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်များကို စနစ်တကျ စာရင်းကောက်ယူပြီး ၎င်းတို့၏ဘ၀ ပြန်လည်ထူထောင်ရေးအတွက် ကူညီမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ကျူးကျော်စာရင်းကောက်ယူရေးဆိုင်ရာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီးနောက် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ယင်းကဲ့သို့ အိမ်ရှင်အိမ်ငှားပြဿနာများ ဖြစ်ပွားလာခြင်း ဖြစ်သည်ဟု ကျူးကျော်များက ပြောကြားသည်။
“အိမ်ရှင်တွေက အိမ် လေး ငါးလုံးလောက် ပိုင်ကြတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စာရင်းလိုက်ကောက်တဲ့ အခါကျတော့ အိမ်ရှင်တွေကနေ သူတို့နာမည်ကိုပဲ ပါစေချင်ကြတယ်။ ၀န်ကြီးချုပ်ကလည်း ကျူးတွေကို နေရာပေးမယ်လို့ပြောထားတော့ လောဘကြီးပြီး လိုချင်နေကြတယ်။ ကျွန်တော်ဆို ဒီ ၂၂ ရက် နေ့မှာ ပြောင်းရမယ်ဆိုပြီး ပြောင်းခိုင်းနေပြီ။ နေစရာတွေ ရ မရ မစဉ်းစားတတ်ဘူး။ ဒါပေမဲ့ လောလောဆယ်တော့ အတည်တကျမရှိဘူး ဖြစ်နေတယ်”ဟု အမှတ် (၆၀) ရပ်ကွက်မှ ဦးအောင်ဇော်မျိုးက ပြောကြားသည်။
“ကျွန်မတို့ကတော့ စာရင်းလိုက်ကောက်တုန်းက အိမ်ရှင်နာမည်ရော၊ အိမ်ငှားနာမည်ရော ထည့်ပေးပါတယ်။ စာရင်းမှာတော့ အိမ်ငှားနာမည် အပြီးမှာ မှတ်ချက်အနေနဲ့ အိမ်ရှင် နာမည်ကို ထည့်ပါတယ်။ အိမ်ရှင်တွေက သူတို့နာမည် ပါချင်တယ်ဆိုပြီး လာပြောကြတယ်” ဟု မခင်မာစိုးက ပြောကြားသည်။
“လုံးဝနေစရာ မရှိတဲ့သူတွေကို နေစရာ တကယ်ပေးနိုင်ရင်တော့ ၀မ်းသာပါတယ်။ ကျွန်မလည်း နေစရာမရှိလို့ ဒီမှာလာနေတာပါ။ အိမ်လခတွေကလည်း နည်းတော့ နေရတာ အဆင်ပြေတယ်လေ။ အဲဒါကို ဖယ်ခိုင်းနေတော့ နေစရာအခက်အခဲ ဖြစ်တာပေါ့။ တကယ်တော့ အိမ်ရှင်တွေဆိုတာလည်း သူတို့ပိုင်တဲ့ မြေနေရာတွေ မဟုတ်ပါဘူး”ဟု အဆိုပါ ရပ်ကွက်နေ မယဉ်ထွေးက ပြောကြားသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူးကျော် အိမ်ငှားရမ်းခဈေးနှုန်းမှာ ကျပ်နှစ်သောင်းမှ သုံးသောင်းခွဲအထိ ပေါက်ဈေးရှိနေပြီး (၆၀) ရပ်ကွက်ရှိ အချို့အိမ်များသည် လူနေထိုင်ခြင်း မရှိသော အိမ်များဖြစ်ကြောင်း တွေ့ရသည်။
“အိမ်ရှင်တွေက ဖယ်ခိုင်းတော့ အမြန်ဖယ်ရတယ်။ နေစရာ အမြန်ရှာရတာပေါ့။ တချို့အိမ်တွေဆို ပြောင်းသွားပြီ။ အိမ်အလွတ်တွေ ဒီရပ်ကွက်ထဲမှာ တဖြည်းဖြည်း များလာတယ်”ဟု အမှတ် (၆၀) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment