(၁၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (13th CAEXPO) ကုန်စည် ပြပွဲကို စက်တင်ဘာ ၁၁ ရက်မှ ၁၄ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးပြည်နယ် နမ်နင်းမြို့၌ ကျင်းပမည်ဖြစ်သည်။
ယခုနှစ်ပြပွဲ၏ ဆောင်ပုဒ် မှာ Jointly Building the 21st Century Maritime Silk Road, Forging an Even Closer China-ASEAN Community of Common Destiny ''၂၁ ရာစုရေကြောင်း ပိုးလမ်းမကြီးကို အတူတကွတည်ဆောက်ခြင်းဖြင့် အကျိုးစီးပွားမျှဝေကြမည့် ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အသိုက်အဝန်းဆီသို့ ပူးတွဲတက်လှမ်းကြရန်'' ဖြစ်သည်။ ယခုနှစ်ပြပွဲတွင် မြန်မာနိုင်ငံမှ အမျိုးသားပြခန်းဆောင်အကျယ် အဝန်းကို ၁၇၅ စတုရန်းမီတာရယူလျက် နှစ်လိုဖွယ်ရာမြို့ (City of Charm) အဖြစ် မော်လမြိုင်မြို့ကို ရွေးချယ်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ပြပွဲနှင့်အတူ တရုတ်-အာဆီယံ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲ (CABIS) နှင့် ကွန်ဖရင့်များ၊ ဖိုရမ်များ၊ ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ကုန်စည်ပြခန်းဆောင်အမှတ် (၁၄)တွင် မြန်မာနိုင်ငံအတွက် ပြခန်း ၁ဝဝကျော်ကို ပြခန်းခပေးစရာမလိုဘဲ အခမဲ့ ပြသခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ မြန်မာလုပ်ငန်းရှင်များ သွားရောက်ပါဝင်ပြသမည်ဆိုပါက ယခင်နှစ်များနည်းတူ တရုတ်စင်းလုံးငှားလေယာဉ် စီစဉ်ဆောင်ရွက်ပေးမည် ဟု သိရသည်။ မြန်မာပြသသူလုပ်ငန်းရှင်များ ဗီဇာလျှောက်ထားနိုင်ရေး အတွက် ဖိတ်စာများကို အချိန်မီပေးပို့မည်ဖြစ်ရာ မြန်မာနိုင်ငံမှ ပြသမည့် ကုမ္ပဏီများစာရင်းကို သတ်မှတ်ရက်အမီပေးပို့ပေးရန်ဖြစ်သည်။
အဆိုပါ ကုန်စည်ပြပွဲသို့ တက်ရောက်ရန်နှင့်ပါဝင်ပြသရန် စိတ်ပါဝင်စား သည့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း ဝ၆၇-၄၃ဝ၄၄၆၊Fax; ဝ၆၇-၄၃ဝ၁၂၈၊ Email: moctradefair @gmail.com၊ မြန်မာကုန်သွယ်မှုဗဟိုဌာန၊ ရန်ကုန်မြို့ ဖုန်း ဝ၁-၂၅၃ဝ၂၄၊Fax; ဝ၁-၂၅၃ဝ၂၃၊ Email: itpic.moc @gmail.com၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဖုန်း ဝ၁-၁-၂၁၄၃၄၄-၉၊ Fax; ဝ၁-၁-၂၁၄၄၈၄၊ Email: services.Umfcci@gmail.com နှင့် သမဝါယမဦးစီးဌာန ဖုန်း ဝ၆၇-၄၁ဝ၃၄၁၊ Email: coopdcptdg@gmail.com သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment