Wednesday, June 29, 2016

ပရီမီယာကော်ဖီမစ်ကုမ္ပဏီကို ပုဒ်မ နှစ်ခုဖြင့် စွဲချက်တင်

အလုပ်သမားများကို အချိန်ပိုလုပ်ခအပြည့် မပေးခြင်း၊ အလုပ်ပိတ်ရက် မပေးခြင်းများကြောင့် ပရီမီယာကော်ဖီမစ် ကုမ္ပဏီကို ဇွန်လ ၂၈ ရက်က လှိုင်သာယာမြို့နယ်တရားရုံးသို့ ပုဒ်မ နှစ်ခုဖြင့် စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း အလုပ်ရုံ၊အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။
“ကုမ္ပဏီဘက်က တရားစွဲမယ်ကိစ္စကို ဆိုင်းငံ့ထားပေးဖို့ စာတင်ထားပါတယ်။ ဇွန်လ ၂၂ ရက်ကတည်းက တရားစွဲ ခွင့်ကျထားပြီးသားပါ။ အလုပ်သမားတွေ ရဲ့ နစ်နာမှုတွေကို တွက်ချက်နေလို့ ဒီနေ့မှ တင်နိုင်တာပါ” ဟု အလုပ်ရုံ၊ အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ပေါက ဆိုသည်။
ပရီမီယာကော်ဖီမစ်ကုမ္ပဏီ၏နေ့စားနေ့ရှင်း အလုပ်သမား ၃၀၀ကျော်၏ တိုင်ကြားမှုကြောင့် ယခုကဲ့သို့ တရားစွဲ ဆိုခြင်းဖြစ်ကြောင်း ၎င်းက ပြောကြား သည်။
“တိုင်တဲ့သူတွေက စက်ရုံမှာ တကယ်အလုပ်လုပ်တဲ့သူလား၊ ဘယ်အချိန်က လုပ်ငန်းခွင်စဝင်တာလဲဆိုတာ စက်ရုံကို သွားစစ်ဆေးတဲ့အခါ ကိုးဦးက ဘယ်ရက်ကစဝင်တယ်ဆိုတာ မသိရသေးဘူး။ နစ်နာမှုရှိတဲ့ အလုပ်သ မားတွေအတွက် ဆက်ပြီးဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ပရီမီယာကော်ဖီမစ်ကုမ္ပဏီကို ၁၉၅၁ ခုနှစ်၊အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၈၅၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက် ဥပဒေ ပုဒ်မ ၁၄(၁) အရ တရားစွဲချက်တင် ထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနထံမှ သိရသည်။
၁၉၅၁ အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၈၅ ပြဋ္ဌာန်းချက်ပါတစ်ရပ်ရပ်ကို ကျူးလွန် လျှင် သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ အောက် မနည်းသော ငွေဒဏ်ကို ဖြစ်စေ(သို့)ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံရမည်ဖြစ်ပြီး ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ ၁၄(၁)ကို ကျူးလွန်လျှင် သုံးလထက်မပိုသော ထောင်ဒဏ်နှင့် ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ် ကိုဖြစ်စေ (သို့) ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံရမည်ဖြစ်ကြောင်း အလုပ်ရုံ၊အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။
အဆိုပါတရားစွဲဆိုသည့်ကိစ္စရပ်နှင့်ပတ်သက်ပြီး ပရီမီယာကော်ဖီမစ် ကုမ္ပဏီ ထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားပေးနိုင်မည့်သူ မရှိခဲ့ပေ။
Credit To >>> The Voice Weekly

0 comments:

Post a Comment