ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခန်းမဘေး ပလက်ဖောင်းပေါ်တွင် ဇွန်လ ၂၀ ရက် ည ၉ နာရီခွဲက လမ်း လျှောက်လာသည့် အသက် ၂၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓားဖြင့်ထိုး၍ လက်ကိုင် ဖုန်း လုယူထွက်ပြေးခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
အဆိုပါ ဓားထိုး လုယက်ခံရသည့် အမျိုးသမီးမှာ ကျောက်တံတားမြို့နယ်၊ ၃၃ လမ်း(အလယ်)တွင် နေထိုင်သူ ဖြစ်ပြီး ယင်းညက အပြင်ထွက် မုန့်စားရန် တစ်ဦးတည်း လမ်းလျှောက်လာစဉ် စည်ပင်လမ်းနှင့် ၃၃ လမ်းထိပ် အနီး မြို့တော်ခန်းမဘေး ပလက်ဖောင်းပေါ်အရောက် အသက် ၂၅ နှစ် အရွယ် အမည်မသိ အမျိုးသားတစ်ဦးက ၎င်း၏ ဘယ်ဘက်နံကြားသို့ ဓားဖြင့်ထိုးသွင်းပြီး လက်ကိုင်ဖုန်းကို လုယူထွက်ပြေးခဲ့ကြောင်း ကျောက်တံတား မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“အမျိုးသမီး လက်မှာ ကိုင်ဆောင်ထားတဲ့ Hကတေနင လက်ကိုင်ဖုန်းကို လုယက်မှုကျူးလွန်သူက ဝင်လုတဲ့အချိန် အမျိုးသမီးက သူ့လက်ကိုင်ဖုန်း ပြန်ဆွဲယူခဲ့တယ်၊ အမျိုးသမီးက အော်ဟစ်ပြီး ပတ်ဝန်းကျင်ကို အကူအညီ တောင်းလို့ လုယက်မှုကျူးလွန်သူက သူ့ကို ဓားနဲ့ထိုးပြီး ဖုန်း လုယူထွက်ပြေးသွားတယ်၊ ပြစ်မှုကျူးလွန်သူကို မမိသေးပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယင်းဓားဖြင့်ထိုးကာ လက်ကိုင်ဖုန်းလုယက်ခံရသည့် အမျိုးသမီးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားပြီး လုယက်မှု ကျူးလွန်သူ အမည်မသိ အမျိုးသားကို ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ကျောက်တံတား မြို့မ ရဲစခန်းထံမှ သိရှိရသည်။
အလားတူ ဇွန်လ ၂၁ ရက် ည ၁၁ နာရီခွဲက ရန်ကင်းမြို့နယ်၊ ရန်ကင်းလမ်းရှိ မဂ္ဂင်လမ်းထောင့် အုတ်ခုံတွင် ထိုင်နေသော အသက် ၁၈ နှစ် အရွယ် အမျိုးသား တစ်ဦး၏ လက်ကိုင်ဖုန်းကို ဆိုင်ကယ်တစ်စီးပေါ်မှ အမျိုးသား နှစ်ဦးက လုယူထွက်ပြေးခဲ့သောကြောင့် ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေခဲ့ရာ ပါရမီလမ်းနှင့် မဉ္ဇူလမ်းထောင့်တွင် လုယက်ခဲ့သော သက်သေခံပစ္စည်း လက်ကိုင်ဖုန်းနှင့်အတူ အသက် ၁၆ နှစ် အရွယ် အမျိုးသားနှစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
Credit To >>>  The Voice Weekly
 
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment