မွန်ပြည်နယ် ဘီးလင်း မြို့နယ်တွင် မြစ်ရေလျှံခြင်းနှင့် တောင်ကျချောင်းရေ 
များကြောင့် ဆယ်နှစ်အတွင်း စံချိန်တင် ရေကြီးခဲ့သဖြင့် ကျေးရွာ ၂၀ ကျော် 
နှစ်မြုပ်ခဲ့ပြီး လူတစ်ဦး 
ပျောက်ဆုံးနေကြောင်း ဘီးလင်း မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD 
ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းက ပြောကြားသည်။
 
မွန်ပြည်နယ်အတွင်း မိုးရွာသွန်းမှု မြင့်မားခြင်းကြောင့် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ မြစ်ရေ ကြီးခြင်းနှင့် တောင်ကျ ချောင်းရေလျှံခြင်းများ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၃၀ ရက်အထိ ရေပြန်ကျခြင်း မရှိသေးကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။
 
ရေကြီးမှုကြောင့် ဒေါက်ရပ်ကျေးရွာ မှ အသက် ၃၂နှစ် အရွယ်ရှိ ဦးသိန်းစိုးပျောက်ဆုံးလျက် ရှိကြောင်း ရေဘေး ဒုက္ခသည် ဒေါ်မြကြည် က ပြောကြားသည်။
 
အဆိုပါ ရေလွှမ်းမိုးမှုကြောင့် အိမ်ခြေ ၄၇၆ လုံး ရေနစ်မြုပ်ခဲ့ပြီး ရေဘေးကယ် ဆယ်ရေး စခန်းများ ၁၈ ခု ဖွင့်လှစ်ထားရကြောင်း၊ ယင်းကယ်ဆယ်ရေး စခန်းများတွင် ရေဘေးသင့်ဒုက္ခသည် ၁၈၉၅ ဦးရှိကြောင်း ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးကျော်မျိုးမင်းက ရှင်းပြသည်။
 
ယင်းရေကြီးမှုကြောင့် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာတွင် အိမ်ခြေ ၂၀၀ နီးပါး နစ်မြုပ် ခဲ့ပြီး ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ ရကြောင်း ဒေါက်ရပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အေးက ပြောကြားသည်။
 
"ရေသံကြားလို့ အောက် ငုံ့ကြည့်လိုက်တော့ ရေတွေက တက်လာပြီ။ ကျွန်မ မြေးနှစ်ယောက်ကို ဆွဲပြီး ဘုန်းကြီး ကျောင်းကို ထွက်ပြေးတယ်။ ရေတက်တာ တအားမြန်တော့ခဏလေးပဲ။ ရင်ဘတ် ထိ ရေတွေ ရောက်လာတယ်" ဟု ရေဘေး ဒုက္ခသည်စခန်းမှ ဒေါ်မြကြည်က ရှင်းပြသည်။
 
အဆိုပါ ရေလွှမ်းမှုများကြောင့် ဘီးလင်းမြို့နယ်ရှိ လယ်ဧက ၄၀၀၀ ကျော် ရေ နစ်မြုပ်နေကြောင်း ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးကျော်မျိုးမင်းဆိုသည်။
 
ယင်းရေလွှမ်းမိုးမှု ကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ ပေါ်တွင် ရေမျက်နှာပြင် ငါးပေကျော် မြင့်တက်လာသဖြင့် ခရီးသည်ယာဉ် အစီး ၅၀၀ ကျော် သည် ၂၄ နာရီကြာ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း “ဝင်း” မှန်လုံယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
 
The Voice Weekly

 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment