ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ စစ်သွေးကြွများ၏ ပြန်ပေးဆွဲမှုဖြစ်ရပ်များ မကြာခဏပေါ်ပေါက်တတ်သော ပင်လယ်ရေကြောင်းဇုန်နယ်မြေကို ဖြတ်သန်းမည့် ပင်လယ်ရေကြောင်း သင်္ဘောများ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် အရှေ့တောင်အာရှဒေသ သုံးနိုင်ငံက ဇွန် ၂ဝ ရက်တွင် သဘောတူညီလိုက်ကြသည်။
ယခုနှစ်အတွင်း အင်ဒိုနီးရှားနှင့် မလေးရှားတွန်းသင်္ဘောများမှ သင်္ဘောသား ၂ဝ ခန့်ကို အဘူဆေယက်သူပုန်အဖွဲ့က ပြန်ပေးဆွဲခဲ့သည်။ အရှေ့တောင်အာရှဒေသ၏ ပင်လယ်ဓားပြ ဘေးအန္တရာယ်မှာ ဆိုမာလီ ပင်လယ်ကမ်းရိုးတန်းကမ်းလွန်၌ ပေါ်ပေါက်ခဲ့သော ပင်လယ်ဓားပြ ဘေးအန္တရာယ်မျိုးအထိ ဆိုးရွားလာနိုင်သဖြင့် ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ဒေသတွင်း နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီကြခြင်းဖြစ်သည်။
ပင်လယ်ရေကြောင်း သင်္ဘောများလုံခြုံရေးအတွက် ပင်လယ်ဓားပြ ထူပြောသောနေရာတွင် စစ်သင်္ဘောများက ပူးတွဲကင်းလှည့်စောင့်ကြပ်ပေးမည်ဖြစ်ပြီး သင်္ဘောများဘေးကင်းစွာ သွားလာနိုင်မည့် ရေကြောင်းစင်္ကြံလမ်းတစ်ခုကို သတ်မှတ်ပေးရန် မြို့တော်မနီလာ၌ အဆိုပါ သုံးနိုင်ငံမှကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြသည်။
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျောက်မီးသွေးတင်ပို့သည့် အကြီးဆုံးနိုင်ငံဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ ကျောက်မီးသွေးတင်သွင်းမှု၏ ၇ဝ ရာခိုင်နှုန်းအတွက် ထောက်ပံ့ပေးသော နိုင်ငံဖြစ်သည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment