မဟာမြတ်မုနိဘုရားကြီးဂေါပကအဖွဲ့မှ ဘုရားဖူး ပြည်သူများအား ရွှေဆိုင်းရောင်းချနိုင်ရန်အတွက် ရွက်ရေ ၁ဝဝ ပါ ရွှေဆိုင်းပေါင်း ၁ဝဝဝဝ အတွက် တင်ဒါခေါ်ယူခဲ့ရာ ယနေ့တွင် ရွှေဆိုင်းလုပ်ငန်းရှင် ၅၉ ဦး တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။
ဘုရားကြီးဂေါပကအဖွဲ့မှ ရွှေဆိုင်းလုပ်ငန်းရှင် များကို တင်ဒါစည်းမျဉ်းစည်းကမ်းအတိုင်းခေါ်ယူ ပြီး ရွှေအရည်အသွေးပြည့်မီစေရေး၊ ရွှေဆိုင်းအရွယ် အစားတိကျစေရေးနှင့် လှူဒါန်းသူများစိတ်ချမ်းမြေ့ စေရန်ရည်ရွယ်ပြီး တင်ဒါစည်းမျဉ်းစည်းကမ်း အသစ်များချမှတ်ကာ ယင်းစည်းကမ်းချက်များမှာ ရွှေဆိုင်းများသည် ယခင်ရွှေသား နှစ်လက်မပတ် လည်မှ ယခုရွှေသား ၁ ဒသမ ၇၅ ပတ်လည်သို့ လည်းကောင်း၊ ရွှေရည်မှာ မီးလင်းဖြစ်စေရေးကို လည်းကောင်း၊ တင်ဒါလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလိုင်စင်ရှိပြီး ကိုယ်တိုင်ရွှေဆိုင်းလုပ်ငန်း ဖြင့် အသက်မွေးသူဖြစ်ရ မည်ဟူ၍လည်းကောင်း တိုးမြှင့်သတ်မှတ်ခဲ့ကာ အခြားအချက်များမှာ ယခင် စည်းကမ်းများအတိုင်း သတ်မှတ်ခဲ့သည်။
တင်ဒါတင်သွင်းခွင့်ရသော ရွှေဆိုင်းလုပ်ငန်း ရှင်များအနေဖြင့် ရွှေဆိုင်းအရွယ်အစား၊ ရွှေအရည်အသွေး ပြည့်မီမှုမရှိပါက ဒဏ်ကြေး ငွေပေးဆောင်ရမည့်အပြင် အမည်ပျက်စာရင်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း မဟာမြတ်မုနိ ဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။
''ရွှေဆိုင်းအရွယ်အစားကို ရွှေသား ၁ ဒသမ ၇၅ ပတ်လည်ကို တိုင်းတာစစ်ဆေးမယ်။ ရွှေအရည် အသွေးကို ဒစ်ဂျစ်တယ်ရွှေစမ်းသပ်စက်နဲ့ စစ်ဆေး သွားမှာပါ။ မပြည့်မီတဲ့သူတွေကို ဘုရားကြီးရဲ့ ရွှေဆိုင်းတင်ဒါတင်သွင်းတဲ့အထဲမှာ အမည်ပျက်စာ ရင်းအဖြစ်ထည့်သွင်းသွားမှာပါ။ အမည်စာရင်းသွင်း ခံရတဲ့သူဟာ နောက်နောင် တင်ဒါခေါ်ယူခဲ့ရင် ဝင်ရောက်ယှဉ်ပြိုင်လို့ မရတော့ပါဘူး။ နောက်ပြီး ဒဏ်ကြေးငွေပါပေးဆောင်ရမှာပါ''ဟု ၄င်းက ပြောသည်။
ယခုနှစ် ရွှေဆိုင်းတင်ဒါကြမ်းခင်းဈေးမှာ အနည်းဆုံး ငွေကျပ် ၂၈၂ဝဝ မှ ၂၈၅ဝဝ အကြား ဖြစ်ပြီး ရွှေတစ်ကျပ်သား ငွေကျပ် ရှစ်သိန်းနှင့် လုပ်အားခငွေကျပ် ငါးသောင်း ပေါင်း ရှစ်သိန်းခွဲ အပေါ် အခြေခံတွက်ချက်၍ ရာပြည့် အဆိုင်း ရွှေဆိုင်း ၃ဝ ကို တင်ဒါအောင်မြင်သူမှ ပေးသွင်းရ မည်ဖြစ်သည်။
ရွှေဆိုင်းတင်ဒါများကို အများပြည်သူသိရှိ အောင်ခေါ်ယူခဲ့ရာ ရွှေဆိုင်းလုပ်ငန်းရှင် ၇ဝ တက်ရောက်ယှဉ်ပြိုင် ခဲ့ပြီး တင်ဒါစည်းမျဉ်းစည်းကမ်း နှင့် ကိုက်ညီမှုမရှိသော လုပ်ငန်းရှင် ၁၁ ဦးသာ တင်ဒါအောင်မြင်မှုမရှိခဲ့ကြောင်း၊ မဟာမြတ်မုနိ ရွှေဆိုင်းတင်ဒါကို တစ်နှစ်လျှင် ဘုရားဖူးပြည်သူ ဝင်ရောက်မှုအပေါ်မူတည်၍ ပျမ်းမျှ အနည်းဆုံး ငါးကြိမ်မှ ခြောက်ကြိမ်အထိခေါ်ယူရကြောင်းနှင့် ယခု ခေါ်ယူခဲ့သည့် တင်ဒါလုပ်ငန်းရှင် အများဆုံး တင်ဒါရရှိခဲ့ကြောင်း သိရသည်။
Credit To>>> The Mirror Daily
0 comments:
Post a Comment