Sunday, June 19, 2016

လှေစီးဘင်္ဂါလီများကို လူကုန်ကူးမှုဖြင့် တရားစွဲခံထားရသည့် ထိုင်းနိုင်ငံသားအား နိုင်ငံသားစိစစ်ရေး ကတ်အတု ထုတ်ပေးခဲ့သော လ၀က အရာရှိနှစ်ဦးအား အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်စီ ချမှတ်


လှေစီးဘင်္ဂါလီများကို လူကုန်ကူးမှုဖြင့် တရားစွဲခံထားရသော ထိုင်းနိုင်ငံသားအား နိုင်ငံသားစိစစ်ရေး ကတ်အတု ထုတ်ပေးခဲ့သည့် ပြစ်မှုဖြင့် လ၀က အရာရှိနှစ်ဦးအား ထောင်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်အတု ထုတ်ပေးခဲ့မှုဖြင့် တရားစွဲဆို ထောင်ချခံရသော လ၀က အရာရှိနှစ်ဦးမှာ ဘုတ်ပြင်းမြို့နယ် လ၀ကရုံးမှဖြစ်ပြီး ၎င်းတို့နှစ်ဦးအား ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၁၉၊ ပြစ်မှုကြီး အမှတ် ၆/၂၀၁၆ ဖြင့် စတင် တရားစွဲဆို ခဲ့သော်လည်း ပြစ်ဒဏ်ချမှတ်သည့်အခါ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်စီ စစ်တွေခရိုင် တရားရုံးမှ ဇွန် ၁၀ ရက်က ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
 
"လှေစီးဘင်္ဂါလီတွေကို လူကုန်ကူးမှုနဲ့ တရားစွဲခံထားရတဲ့ ထိုင်းနိုင်ငံသားကို နိုင်ငံသား စိစစ်ရေးကတ်အတု ပြုလုပ်ပေးတဲ့ လ၀ကနှစ်ဦးကို ဇွန် ၁၀ ရက်က ထောင်ချလိုက်ပါပြီ။ သူတို့နှစ်ဦးကို တရားစစွဲတာက ကော့သောင်းမှာ (ပ) ၁၅၁၊ ၂၀၁၅၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၁၉၊ ပြစ်မှုကြီးအမှတ် ၆/၂၀၁၆ နဲ့ စွဲတယ်။ ဒါကိုစစ်တွေခရိုင် တရားရုံးကို ရုံးပြောင်းစစ်တယ်။ သူတို့ကို ထောင်ချတဲ့အခါမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နဲ့ အလုပ်နဲ့ ထောင်ဒဏ်ငါးနှစ်စီ စစ်တွေခရိုင်တရားရုံးက တရားစီရင်လိုက်တယ်။ ပုဒ်မ ၄၆၈ က မှတ်ပုံတင်အတု ပြုလုပ်ပေးတဲ့ ပုဒ်မဖြစ်တယ်" ဟု CID မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
 
နိုင်ငံသားစိစစ်ရေး ကတ်ပြားအတု ပြုလုပ်ပေးမှုဖြင့် ထောင်ချခံရသော လ၀က အရာရှိနှစ်ဦးမှာ ဘုတ်ပြင်း၊ လ၀က ဦးစီးဌာနမှူးဖြစ်သူ ဦးမြင့်ဦး(၅၂ နှစ်)၊ (ဘ) ဦးမောင်မောင် ဆိုသူနှင့် ဘုတ်ပြင်း၊ လ၀ကမှ ဒုတိယ လူဝင်မှုကြီးကြပ်ရေးမှူး၊ ဦးစိုးညွှန့် (၅၈နှစ်) (ဘ) ဦးနှင်းဖေတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးနှင့်အတူ ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်နေ ဦးလှဖုန်း (၄၃ နှစ်) (ဘ) ဦးကျော်ရှိန်ကိုလည်း အလုပ်နှင့် ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
 
၂၀၁၅ ခု မေ ၂၁ ရက်က မြန်မာ့ရေပိုင်နက် ရသေ့တောင်မြို့နယ်အတွင်း လှေစီးဘင်္ဂါလီ၂၀၈ ဦးအား မြန်မာ့ရေတပ်မှ ကယ်တင်ခဲ့ပြီး အဆိုပါလှေစီး သွားလာသူများအား ဦးဆောင်လာသူ ကော့သောင်းမြို့မှ ဦးလှဖုန်းနှင့် တင်ဆောင်လာသော စက်လှေပိုင်ရှင် ထိုင်းအမျိုးသား KOO MILK (ခ) PHI MILK (ခ) Nattapong Sangthong တို့ နှစ်ဦးအား လူကုန်ကူးမှုဖြင့် တရားစွဲဆိုထားပြီး ထိုင်းနိုင်ငံသား ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသား စိစစ်ရေးကတ်အား ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ ပြုလုပ်ပေးသော ဘုတ်ပြင်းမြို့နယ် လ၀ကဦးစီးဌာနမှ ၀န်ထမ်းနှစ်ဦးကိုလည်း ၁၉၈၂ ခုမြန်မာနိုင်ငံသားဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။
 
ဘူးသီးတောင်မြို့နယ် နိုင်ငံသားစစ်ဆေးရေးအဖွဲ့ဝင် ဦးဇော်ဝင်းက "ဘုတ်ပြင်းက မှတ်ပုံတင်အတု လုပ်ပေးတဲ့ လ၀က၀န်ထမ်းနှစ်ဦးကို ကော့သောင်းကနေ စစ်တွေခရိုင် တရားရုံးကိုပြောင်းပြီး စစ်ဆေးခဲ့တာ ဖြစ်တယ်။ သူတို့က ၁၉၈၂ ဥပဒေ ပုဒ်မ ၁၉ နဲ့ ထိရောက်စွာ အရေးယူသင့်တယ်။ အခုက ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ လုပ်တာဖြစ်တယ်။ မြန်မာနိုင်ငံ တစ်ဝန်းမှာ ဘင်္ဂါလီတွေကို လ၀က၀န်ထမ်းအချို့က နိုင်ငံသားစိစစ်ရေးကတ် (ပန်းရောင်ကတ်) ထုတ်ပေးနေကြတယ်။ သူတို့က ၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေနဲ့ စိစစ်ထုတ်ပေးတာ မဟုတ်ဘူးဆိုတာ တွေ့ရတယ်။ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၅ အရ လျှောက်ထားလာသူ မဟုတ်ဘဲ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၇၆ အရ ပယ်ဖျက်ပြီးဖြစ်တဲ့ ၁၉၄၈ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၄(၂) နဲ့ ထုတ်ပေးနေတာကို တွေ့ရတယ်။ ဒီလို ထုတ်ပေးနေတဲ့ လ၀က၀န်ထမ်းအချို့ကို မြန်မာနိုင်ငံသား ဥပဒေပုဒ်မ (၁၉) အရ လည်းကောင်း၊ ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ် ရယူထားကြသော ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၁၈ အရ လည်းကောင်း အရေးယူသင့်တယ်" ဟု ပြောကြားသည်။
 
Credit To >>> Eleven Media Group

0 comments:

Post a Comment