Monday, May 16, 2016

မလေးရှားက ပြည်ပလုပ်သားခေါ်ယူမှု ရပ်ဆိုင်းသည်ဆိုသည့်သတင်းကြောင့် အေဂျင်စီအချို့ လုပ်သားသစ်ရှာဖွေနိုင်မှု ထက်ဝက်ကျော်လျော့နည်း

မလေးရှားက နိုင်ငံခြား သား အလုပ်သမားခေါ်ယူမှု ရပ် ဆိုင်းထားသည်ဆိုသော သတင်း ကြောင့် ပြည်တွင်းရှိ အေဂျင်စီ အချို့ အလုပ်သမားအသစ် ချိတ် ဆက်ရှာဖွေနိုင်မှု ထက်ဝက်ကျော် ကျဆင်းခဲ့ကြောင်း သတင်းရရှိ သည်။

မလေးရှားက နိုင်ငံခြားသား အလုပ်သမားခေါ်ယူမှု ရပ်နား ကြောင်း သင်္ကြန်မတိုင်မီက သတင်းထွက်ပေါ်ခဲ့ပြီး သင်္ကြန်ပိတ်ရက်များအပြီး၌ အလုပ်အတွက် လာရောက်အပ်နှံသည့် အလုပ်သမားအရေအတွက် သိသာစွာကျဆင်းသွားကြောင်း အေဂျင်စီများထံမှ သိရသည်။
‘‘ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၅၀ ရာခိုင်နှုန်းကျော်လောက်ကို အသစ်လာအပ်တဲ့ အလုပ်သမား အရေအတွက် လျော့သွားတယ်။ တချို့က ဟိုကအလုပ်သမားခေါ် ယူခွင့်ပိတ်ထားတယ်ဆိုတာကို ကြားပြီး မလာကြတော့တာ။ အမှန်က မလေးရှားက အလုပ်သမားခေါ်ယူမှုကို လုံးဝရပ်လိုက်တာမဟုတ်ဘူး’’ဟု ဟိန်းသစ္စာ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းဦးက ပြောသည်။
မလေးရှားအစိုးရက ယင်း နိုင်ငံရှိ သူဌေးများကို နိုင်ငံခြား အလုပ်သမားအသစ် ခေါ်ယူခွင့် တင်ခြင်းကိုသာ ယာယီရပ်နား ထားခြင်းဖြစ်ပြီး ယခင်ခေါ်ယူခွင့် တင်ထားပြီး ဦးရေစာရင်းကိုမူ ပယ်ဖျက်ခြင်းမရှိဘဲ ဆက်လက် ခေါ်ယူခွင့်ပေးထားကြောင်း သတင်းရရှိသည်။
‘‘အရင်က ခေါ်ယူခွင့်ဦးရေ ၁၀၀ တင်ထားလို့ သုံးဦးပဲခေါ် ထားရသေးရင် အဲဒီသူဌေးအနေနဲ့ ကျန်တဲ့ ၉၇ ဦးကို ဆက်ခေါ်ယူခွင့် ရှိနေသေးတယ်။ အဲဒီအတွက် ခေါ်စာတွေလည်း တောက် လျှောက်ဝင်နေတယ်။ ဒါကို နားလည်မှုလွဲပြီး လုံးဝသွားလို့မရ တော့ဘူးလို့ ထင်ကုန်ကြတာ’’ဟု ဦးကျော်မင်းဦးကပြောသည်။
မလေးရှားနိုင်ငံမှ နိုင်ငံခြား သားအလုပ်သမား ခေါ်ယူမှု ရပ်ဆိုင်းသည်ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ တရားဝင်ဆက်သွယ် အကြောင်းကြားခြင်း မရှိသကဲ့သို့ အေဂျင်စီများက အလုပ်သမားစေ လွှတ်ခွင့် လျှောက်ထားချက်များ ပုံမှန်အနေအထားရှိနေကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။
မလေးရှားသို့ သွားရောက် နိုင်ရန် အချိန်သုံးလခန့်ကြာမြင့် သဖြင့် လက်ရှိအချိန်အထိ သွားရောက်သည့်ဦးရေ သိသိသာသာ ကျဆင်းခြင်းမရှိသေးသော်လည်း ယခုဖြစ်စဉ်၏ ရိုက်ခတ်မှုကို မကြာမီကြုံတွေ့လာနိုင်သည်ဟု အေဂျင်စီအချို့က ဆိုသည်။
‘‘အခုအထိကတော့ ပုံမှန် အနေအထား သွားနေကြသေး တယ်။ ခေါ်ယူတဲ့အရေအတွက် ပြည့်အောင်တော့ မနည်းကြိုးစား နေကြရတာပေါ့’’ဟု Libra Life ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဇော်က ပြောသည်။
မလေးရှားနိုင်ငံသည် မြန်မာ အလုပ်သမားအများဆုံး သွား ရောက်လုပ်ကိုင်သည့် နိုင်ငံများ ထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လစဉ် ဦးရေ၃,၀၀၀ကျော် သွား ရောက် လုပ်ကိုင်နေကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီး ဌာနမှ သိရသည်။
ယင်းနိုင်ငံသို့ ဧရာဝတီတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ် စသည့်ဒေသများတွင် နေထိုင်သူများက အများဆုံး သွားရောက်လုပ်ကိုင်လေ့ရှိကာ အေဂျင်စီအချို့က ခေါ်ယူသောလုပ်သားအရေအတွက် ပြည့်မီစွာရရှိရန် သက်ဆိုင်ရာနယ်မြေအလိုက် ကိုယ်စားလှယ်များ ထားရှိ၍လုပ်သားရှာဖွေစုဆောင်းမှုများ လုပ်နေကြရကြောင်း သတင်းရရှိသည်။
Credit To >>> 7Day Daily

0 comments:

Post a Comment