Sunday, May 22, 2016

မအူပင်မြို့နယ် ထိန်ငူကျေးရွာတွင် လယ်သမားများနှင့် ကုမ္ပဏီတို့ အငြင်းပွား မြေပေါ်၌ ကုမ္ပဏီမှ ဘက်ဟိုးဖြင့် ငါးကန်တူးဖော်နေ၍ နှစ်ဖက် တင်းမာမှုများ ဖြစ်နေ



မအူပင်မြို့နယ် ထရော်ညောင်ဝိုင်းကြီး ကျေးရွာအုပ်စု ထိန်ငူကျေးရွာတွင် လယ်သမားများနှင့် Myanmar Golden Star ကုမ္ပဏီတို့ လယ်မြေ အငြင်းပွားမှု ဖြစ်ပွားနေပြီး အဆိုပါ အငြင်းပွား မြေပေါ်တွင် ကုမ္ပဏီက ဘက်ဟိုးဖြင့် ငါးကန် တူးဖော်သည့် လုပ်ငန်းများ လုပ်ကိုင်နေသည့်အတွက် နှစ်ဖက်တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။


အဆိုပါ မြေများမှာ ၁၉၉၈ ခုနှစ်တွင် ကုမ္ပဏီအား စိုက်ပျိုးမြေအဖြစ် လုပ်ကိုင်ရန် အစိုးရက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီက မြေလွတ်မြေရိုင်းများ ဖြစ်သဖြင့် လယ်သမားများက ခုတ်ထွင် ရှင်းလင်းကာ လယ်မြေအဖြစ် ၁၉၉၀ ပြည့်နှစ်ဝန်းကျင် ကတည်းက အသုံးပြုနေခြင်း ဖြစ်သည်ဟု ဒေသခံ လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိ အငြင်းပွားနေသော လယ်မြေမှာ ဧက ၄၀၀ ခန့် ရှိပြီး လယ်သမား ၃၀ နီးပါး လယ်ယာ လုပ်ကိုင်နေသည်။ အဆိုပါ လယ်မြေများပေါ်တွင် ကုမ္ပဏီက ငါးကန်တူးဖော်ရန် တာပေါင်ဖို့ခြင်း ပြုလုပ်နေသဖြင့် နှစ်ဖက် တင်းမာမှုများ ဖြစ်ပေါ်နိုင်သောကြောင့် မအူပင်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လာရောက် ညှိနှိုင်းမှုများ ပြုလုပ်နေရသည်ဟု သိရသည်။

“စိုက်ပျိုးမြေအဖြစ် စိုက်ပျိုးဖို့ အစိုးရက ချပေးထားတယ်လို့ သိရတယ်။ ဒါပေမဲ့ မစိုက်ပျိုးဘဲ အခုလို ငါးကန်တွေ တူးဖော်နေတယ်လို့ သိရတယ်။ ကျွန်တော်တို့က ဟိုးတုန်းကတည်းက လယ်မြေ လုပ်ကိုင်နေတာပါ။ ကုမ္ပဏီဝင် မလာခင် ကတည်းကပါ။ ကျွန်တော်တို့ သဘောကတော့ ကျွန်တော်တို့ လယ်လေးမှာ ကျွန်တော်တို့ ပြန်လုပ်ချင်ပါတယ်။ ရွာမှာလည်း လယ်လုပ်စရာ မရှိတော့လို့ နိုင်ငံခြား ပြောင်းပြီး အလုပ်လုပ်ရတဲ့ လူနဲ့၊ မြို့တက်ပြီး လုပ်ရတဲ့လူတွေ များနေပါပြီ” ဟု လယ်သမား ဦးစောမှိုင်းက မေ ၂၀ ရက်တွင် ပြောကြားသည်။

လယ်သမားများတွင် ပိုင်ဆိုင်ကြောင်း အထောက်အထား မရှိသော်လည်း ၁၉၉၀ ပြည့်နှစ်ဝန်းကျင် ကတည်းက ခုတ်ထွင် ရှင်းလင်းပြီး လယ်မြေ လုပ်ကိုင်ခဲ့သောကြောင့် ယခုပြန်လည် လုပ်ကိုင်လိုကြောင်းနှင့် မြေအငြင်းပွားမှု အပေါ် အစိုးရ၏ ဖြေရှင်းမှု တစ်စုံတစ်ရာ ရရှိလိုကြောင်း လယ်သမားများက ပြောကြားသည်။

“တဖြည်းဖြည်းနဲ့ ငါးကန်တွေတူးတာ လယ်မြေတွေ ကုန်ပြီ။ လယ်လုပ်စရာ သိပ်မကျန်တော့ဘူး။ ဒီလယ်ပဲ လုပ်စရာ ရှိတဲ့ဟာ ငါးကန် ထပ်တူးရင်တော့ ဘာဖြစ်ဖြစ် ရင်ဆိုင် ကာကွယ်သွားမယ်” ဟု လယ်သမား တစ်ဦးက ပြောကြားသည်။
အဆိုပါ လယ်မြေ အငြင်းပွားမှုများနှင့် ပတ်သက်၍ Myanmar Golden Star ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးဇော်ဝင်းကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

မေ ၈ ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်းများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီ ဖွဲ့စည်းပြီး ယခုအစိုးရသည် လယ်ယာမြေ အငြင်းပွားမှု ပြဿနာများကို အထူး ဦးစားပေးပြီး အမြန်ဆုံး ဖြေရှင်းရန် ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း၊ လယ်ယာမြေ သိမ်းဆည်းခံရခြင်းများကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပြီးသည်အထိ ရပ်ဆိုင်းထားရန်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။ 
Credit To>>>Eleven Media Group

0 comments:

Post a Comment