Friday, May 6, 2016

ကလေးငယ်များကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ကာ တောင်းရမ်းစေခိုင်းမှု အမှုစစ်ရဲအရာရှိကို စစ်ဆေးမည်

အသက် ၈ နှစ်မှ ၁၄ နှစ်ကြားအရွယ်ရှိ ကလေးငယ်များကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ပြီး တောင်းရမ်း စေခိုင်းမှုတွင် ပါဝင်သည်ဟုဆိုကာ တရားစွဲထားသော အသက် ၄၅နှစ် အရွယ် ဦးဟိန်းကို(ခ) ယူနွတ် အပါအဝင် သုံးနှစ်နှင့် ပတ်သက်၍ နောက်ဆုံး တရားလိုပြ သက်သေများအဖြစ် အမှုစစ် အရာရှိ နှစ်ဦးကို မေလ ၁၈ရက်တွင် စစ်ဆေးရန် ချိန်းဆိုထားကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံးထံမှ သိရှိရသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ ဦးဟိန်းကို(ခ)ယူနွတ် အပါအဝင်နှစ်ဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄ ဖြင့်လည်းကောင်း၊ အသက် ၃၅ နှစ်ရှိ ဒေါ်အေးသန္တာမျိုး(ခ)ရှက်ဖီယာကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပေဒေပုဒ်မ ၂၄/၃၂ ဖြင့်လည်းကောင်း အသီးသီး တရားစွဲဆိုထားကြောင်း၊ လာမည့်ရုံးချိန်းတွင် အမှုစစ် ရဲအရာရှိ ဒလမြို့မရဲစခန်းမှ ရဲအုပ်သက်နိုင်နှင့် ဒုရဲအုပ်ထူးနိုင်ဝင်းတို့ကို စစ်ဆေးမည်ဖြစ် ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံးထံမှ သိရှိရသည်။
“လူကုန်ကူးခံရတယ့် ကလေးနှစ်ယောက်ကို သက်သေခေါ်စစ်ဖို့ သမ္မာန်စာထုတ်ခဲ့ပေမယ့် သူတို့ပေးထားတဲ့ အိမ်လိပ်စာတွေမှာ မရှိတော့တာကြောင့် မစစ်ဖြစ်ဘူး၊ ခုစစ်ဖို့ကျန်တဲ့ အမှုစစ် ရဲအရာရှိတွေကို စစ်ပြီးရင် ကျူးလွန်သူတွေကို စွဲချက်တင်ဖို့အတွက် ဆောင်ရွက်မှာပါ” ဟု ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းအမှုနှင့်ပတ်သက်၍ တရားလိုလူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်း အပါအ ဝင် ရဲအရာရှိများ၊ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများအပါအဝင် တရားလိုပြသက်သေ ၁၀ ဦးခန့် စစ်ဆေးပြီးကြောင်း ၎င်းက ရှင်းပြသည်။
ရန်ကုန် တိုင်းဒေသကြီးရှိ ဒေါပုံ၊ ဒလ၊ သန်လျင်နှင့် တွံတေးမြို့နယ်တွင် နေထိုင်သော အသက် ၈ နှစ်မှ ၁၄ နှစ်ကြားရှိ ကလေးငယ် ၉ ဦးကို ၂၀၁၁ခုနှစ်မှ စတင်ကာ မလေးရှားနိုင်ငံတွင် တောင်းရမ်း စေခိုင်းရန် ပို့ဆောင်ခဲ့သော ဒလမြို့နယ်၊ ကမာကဆစ် ရပ်ကွက်နေသူ အသက် ၄၅ နှစ် အရွယ်ဦးဟိန်းကို(ခ) ယူနွတ်(ခ) နှုတ်ခမ်းမွေး (ခ) ဝင်းအောင် အပါအဝင် ၅ ဦးအနက် သုံးဦးကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပပေပုဒ်မ ၂၄ ဖြင့်အောက်တို ဘာ တတိယပတ်တွင် တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ကြောင်း၊ ကျန်နှစ်ဦးကို တရားခံပြေးအဖြစ် တရားစွဲဆိုခဲ့ကြောင်း ဒလမြို့မရဲစခန်းထံမှ သိရသည်။
ယင်းအမှုတွင် လူကုန်ကူးခြင်းခံခဲ့ရသည့် ကလေးငယ်နှစ်ဦးကို ၂၀၁၅ခုနှစ် စက်တင်ဘာလက ပြန်လည် ကယ်တင်နိုင်ခဲ့ပြီး ကျန်ရှိနေသော ကလေးငယ် ၇ ဦးကို ကယ်တင်နိုင်ရေးအတွက် စုံစမ်းနေကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment