Friday, May 6, 2016

၂ဝ၁၆ ခုနှစ်တွင် မြို့ပြဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းများအနက် ၁၉ ခု ဆောင်ရွက်မည်ဟုဆို

ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးအတွက် ၂ဝ၁၆ ခုနှစ်တွင် မြို့ပြစီမံကိန်းများအနက်မှ ကာလတို စီမံကိန်း စုစုပေါင်း ၁၉ ခုကို ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောကြားသည်။

မေလ ၅ရက် မွန်းလွဲ ၂နာရီခန့်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့တော်ခန်းမတွင် ပြုလုပ်သော ရန်ကုန်မြို့ဘက်စုံ ဖွံ့ဖြိုးမှု အခြေခံ အချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း စတင် လုပ်ဆောင်ရမည့် ကာလတို စီမံကိန်းများတွင် မြစ်ရေတင်စီမံကိန်းများ၊ မြို့သစ်ဧရိယာ တိုးချဲ့ခြင်းများ၊ အမှိုက်မီးရှို့စက် ဆောက်လုပ်ခြင်း၊ တံတားဟောင်းများ ပြုပြင်ခြင်း၊ မြို့ပတ်လမ်းပိုင်း (၁) စတင်ဖောက်လုပ်ခြင်းနှင့် ရေဆိုးသန့်စင်စက်ရုံ ဆောက်လုပ်ခြင်းများ ပါဝင်ကြောင်း၊ ယင်းစီမံကိန်းများအနက် အချို့ကို ၂ဝ၁၆ ခု နှစ်စပိုင်းတွင် စတင်ဆောင်ရွက်လျက်ရှိပြီး နှစ်အလိုက် ဆောင်ရွက်ရမည့် စီမံကိန်းများ ရှိသကဲ့သို့ မြို့ပြဖွံ့ဖြိုးမှုအရ ဦးစားပေး ဆောင်ရွက်ရမည့် စီမံကိန်းများလည်းရှိကြောင်း ၎င်းက ရှင်းပြသည်။
"စီမံကိန်းတွေ လုပ်ငန်းစဉ်တွေကို သက်ဆိုင်ရာ စည်ပင်ဌာနတွေနဲ့ ပူးပေါင်း လုပ်ဆောင်မှာပါ"ဟု မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ဒုတိယဌာနမှူးက ပြောကြားသည်။
မြို့ပြဖွံ့ဖြိုးမှုပုံစံအရ ဦးစားပေးလုပ်ကိုင်ရမည့် အဆိုပြုစီမံကိန်းများတွင် ကဏ္ဍ နှစ်မျိုး ခွဲခြားထားပြီးယင်းတို့မှာ- မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် မြို့ပြအခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်ပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စီမံကိန်း ၅ ခုနှင့် မြို့ပြအခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စီမံကိန်း ၈ ခုတို့ ပါဝင်ကြောင်း ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံ အချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲထံမှ သိရှိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်တွင် မြို့နယ် ၃၃ ခုရှိပြီး လူဦးရေ ၆ သန်းကျော်ရှိကြောင်း YCDC စရင်းများအရ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment