Tuesday, May 24, 2016

ဖားကန့်မြို့နယ် သောင်းကော့ကျေးရွာ အနီးတွင် ကျောက်တူးဖော်မှုကြောင့်ရွာအတွင်း မြေသားအက်ကွဲမှု ဖြစ်ပေါ်ခဲ့ရာမှ ယခုနှစ်မိုးရာသီတွင် ပြိုကျနိုင်သည့် အခြေအနေရှိနေ

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု သောင်းကော့ကျေးရွာတွင် ယခင်ကကျေးရွာအနီးရှိ ကျောက်မျက်ကုမ္ပဏီများမှ ကျောက်တူးဖော်မှုကြောင့် ရွာအတွင်း မြေသားအက်ကွဲမှု ဖြစ်ပေါ်ခဲ့ရာ ယခုနှစ်မိုးရာသီတွင် ပြိုကျနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ကျေးရွာအနီး ကျောက်တူးဖော်ခဲ့သည့် ကုမ္ပဏီများမှာ ယခုအချိန်တွင် လုပ်ငန်းလုပ်ကိုင်တော့ခြင်း မရှိဘဲ အန္တရာယ်များလာသည့် အတွက် ရပ်နားလိုက်ခြင်းဖြစ်ကြောင်း၊ ထို့ နောက် ကုမ္ပဏီများမှာ ပြောင်းရွှေ့သွားသည့် အတွက် သောင်းကော့ကျေးရွာမှာ မြေသားအက်ကွဲမှုနှင့် ကျန်ရှိခဲ့ပြီး လက်ရှိတွင် အိမ်ခြေ ၃၆ အိမ်မှာ စိုးရိမ်ဖွယ်ရှိကြောင်း သိရသည်။

"ဒီရွာက ၂၀၀၆ ခုနစ်က တည်ခဲ့တာပါ။ ကျူးကျော်ပြီး လာဆောက်ထားတာ မဟုတ်ပါဘူး။ ကချင်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့် လက်ထက်တုန်းက သူကိုယ်တိုင် ရွာတည်ပေးခဲ့တာပါ။ ရွာစတည်တုန်းကဘေးမှာ လုပ်ကွက်တွေ မရှိသေးပါဘူး။ နောက်ပိုင်း ၀င်လာတဲ့လုပ်ကွက်တွေကြောင့် ရွာမြေအက်တယ်။ ပထမတစ်သုတ် အက်တုန်းကတော့ နေပြည်တော်ကဆိုတဲ့ လူတွေလာပြီး ရှင်းပေးတယ်။ နစ်နာကြေးပေးပြီး ရွှေ့ပေးတာမျိုးရှိတယ်။ ကျွန်တော်တို့အခြမ်းဘက်ကိုတော့အန္တရာယ်မရှိဘူးဆိုပြီးတော့ ဘာမှတာဝန် ယူမှုမရှိဘူး။ အခုက မြေကတဖြည်းဖြည်း ပြိုလာတာ။ လောလောဆယ်အန္တရာယ်ဇုန် ထဲသတ်မှတ်ထားတာ ၃၆ အိမ်ရှိတယ်။ ဒီဘေး မှာ အရင်ကကားနှစ်စီး ယှဉ်သွားလို့ရတဲ့ လမ်း အခု တဖြည်းဖြည်း အက်ကျသွားပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ရွာကအန္တရာယ်နဲ့ နီးကပ် နေပြီ။ အက်ကြောင်းတွေကလည်း အရှည်ကြီး ပဲဗျာ။ အန္တရာယ်များတော့ရွှေ့တဲ့သူတွေကလည်း ကိုယ့်စရိတ်နဲ့ကိုယ် ရွှေ့သွားကုန်ပြီ။ ကျွန်တော်တို့ကတော့ ရေမဆေးသမားတွေ ဆိုတော့ မရွှေ့နိုင်ဘူး။ သက်ဆိုင်ရာကုမ္ပဏီ က ရွှေ့ပြောင်းဖို့ ကူညီပေးရင်ပဲ ရပါပြီ" ဟု သောင်းကော့ကျေးရွာမှ ဦးညီညီက ဆိုသည်။

ယခင်ကသောင်းကော့ ကျေးရွာအနီး ကျောက်တူးဖော်မှုကြောင့် အဓိက အန္တရာယ် ဖြစ်ပေါ်စေခဲ့သည့် ကုမ္ပဏီများမှာ ယခုအခါ တာဝန်ယူမှုကင်းမဲ့နေကာ ကျေးရွာမြေမှာ တစ်လထက်တစ်လ တဖြည်းဖြည်း အက်ကြောင်း ပိုမိုကြီးမားလာပြီး မိုးများရွာသွန်းချိန်တွင် စိုးရိမ်နေရကြောင်း သိရသည်။

အဆိုပါကိစ္စအား ဖားကန့်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များက သွားရောက်ဖြေရှင်း ပေးခဲ့သော်လည်း ကုမ္ပဏီတာဝန်ခံများ မရှိသည့်အတွက် ညှိနှိုင်းမှုအဆင်မပြေခဲ့ဘဲ ယခုအခါ သောင်းကော့ကျေးရွာပြဿနာအား ဖြေရှင်းရန်ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်ကာ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ ဖားကန့်မြို့နယ်တွင် ကျောက်စိမ်း တူးဖော်မှုမှ ဘေးထွက်ဆိုးကျိုးအဖြစ် ကုဋေ၊ မလောင်၊ ဆိုင်း ဂျာဘွမ်၊ သောင်းကော့ကျေးရွာတို့မှာ မြေသားအက်ကွဲမှု ဖြစ်လျက်ရှိသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment