Thursday, May 12, 2016

ဖားကန့်ဒေသတွင် တပ်မတော်နှင့် ကေအိုင်အေအကြား ၁၀ ရက်အတွင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ညှိနှိုင်းဖြေရှင်း၍ ရသည့် အခြေအနေ မဟုတ်ဘဲ တစ်ဖက်ဖက်က အလျှော့ပေးမှသာ အဆင်ပြေနိုင်မည့် အခြေအနေတွင် ရှိနေကြောင်း Technical Advisory Team မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက မေလ ၁၂ ရက်တွင် ပြောသည်။

“ဒီအခြေအနေကတော့ ညှိနှိုင်းဖြေရှင်းမယ့် အနေအထားမျိုးမဟုတ်ဘူး။ ညှိနှိုင်းဖြေရှင်းမယ့် အနေအထားက အောက်ခြေအဆင့်နဲ့လည်း မပြီးဘူး။ နိုင်ငံတော်အဆင့်နဲ့ ညှိနှိုင်းဆွေးနွေးမှပဲ ပြီးမယ့်ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့ အောက်ခြေမှာ လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ညှိနှိုင်းစရာလည်း အနေအထားမရှိဘူး။ တစ်ဖက်က လျှော့လိုက်မှ နည်းနည်းလေးငြိမ်မယ့်ပုံစံ ဖြစ်တယ်။ အခုဒေါ်အောင်ဆန်းစုကြည်အစိုးရ တက်ပြီး ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ ဒီလမ်းကြောင်းပေါ်မှာ အခြေခံပြီးမှပဲ ပြသ၁နာတွေကို ညှိနှိုင်းဖြေရှင်းရမှာဖြစ်တယ်” ဟု ဦးဒေါင်ခါးက The Ladies သို့ပြောသည်။
KIA လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်တချို့သည် ဧပြီ ၂၉ ရက် ည ၈ နာရီ ခန့်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နန့်ယားကျေးရွာအုပ်စု၊ စဘော့ မှော်ကျေးရွာသို့ မော်တော်ယာဉ်နှစ်စီးဖြင့် အရပ်သားအသွင် ၀င်ရောက်၍ ကျေးရွာသို့ အလည်အပတ်ရောက်ရှိနေသူများ ဖြစ်သည့် ဦးနာဂ၊ ဦးမျိုးဆန်း၊ ဦးရဲနီသွေး (ခ) ဦးရဲဖူ၊ ဦးတင်ရွှေနှင့် ဦးကြည်ခိုင်တို့ ငါးဦးနှင့် အိမ်ရှင် ဖြစ်သူ ဦးစိုးထွန်းနှင့် ဒေါ်ခမ်းစိန်(ခ) ဒေါ်အေး ခင်တို့နှစ်ဦး၊ စုစုပေါင်း ခုနစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း၊ ထိုသို့ အကြောင်းမဲ့ မတရားဖမ်းဆီး ခေါ်ဆောင်သွားသည့် ရွာသူ/ရွာသားများ အား ကယ်တင်ရန်နှင့် မြို့/ရွာအနီးရှိ KIA စခန်းပုန်းအား ရှင်းလင်းရန် တပ်မတော်စစ်ကြောင်းများက ပြည်သူ့စစ်ဌာနေအဖွဲ့များ နှင့်ပူးပေါင်း၍ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ မေ ၁ ရက်မှ ၁၀ ရက်ထိ KIA လက်နက်ကိုင်အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၁၃ ကြိမ်ရှိခဲ့သည်ဟု တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားသည်။
“လွန်ခဲ့တဲ့ဧပြီလ ၂၉ ရက်နေ့မှာ KIO က လူတွေကို ဖမ်းသွားတယ်ဆိုတာ သိရတယ်။ ဖမ်းသွားတာ ကျွန်တော်တို့ ကြားကနေ ပြန်ပြောပြီးမှ လွှတ်ပေးပြီးပြီ။ ဘာလို့ဖမ်းလဲမေးတော့ အဲ့လူတွေက မူးယစ်ဆေးဝါး သောက်သုံးပြီး ရောင်းဝယ်ဖောက်ကားလုပ်နေလို့ အဲ့ဒီလိုမလုပ်ဖို့ အကြိမ်ကြိမ်သတိပေးပြီးသားကို ဆက်လက်လုပ်နေလို့ ဖမ်းတာလို့ပြောတယ်။ ကျွန်တော်တို့ PCG က ကြားကနေပြောတော့ မေ ၂ ရက်နေ့မှာ လွှတ်ပေးပြီးပြီ ။ လွှတ်ပေးပြီးတဲ့နောက်မှ တိုက်ပွဲဖြစ်လာတာ မလွှတ်ပေးလို့ အစိုးရကနေ တိုက်တာမဟုတ်ဘူး” ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG မှ ဦးလားမိုင်ဂွန်ဂျာက The Ladies သို့ပြောသည်။
ဖားကန့်ဒေသတွင် နှစ်စဉ်နှစ်တိုင်း ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ ပိတ်သိမ်းသည့်အချိန်တွင် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး နိုင်ငံရေးပဋိပက္ခဆိုသည်ထက် စီးပွားရေးကြောင့်ဖြစ်သည့် စစ်ပွဲဖြစ်သည်ကို လက်ရှိအနေအထားအရ သုံးသပ်၍ရသည်ဟု ဖားကန့်ဒေသခံ ဦးနော်အောင် က The Ladies သို့ ပြောသည်။
“ကုမ္ပဏီသိမ်းတဲ့အချိန်ကျမှ အစိုးရတပ်မတော်ဘက်က ထိုးစစ်ဆင်လာတာ ၂ နှစ် ၃ နှစ်လောက် ကြုံတွေ့နေရတယ်။ ဖြစ်နိုင်ရင် ဒါကို လက်နက်နဲ့ဖြေရှင်းတာထက် စားပွဲပေါ်မှာ သိက္ခာရှိရှိ ဖြေရှင်းတာတော့ ကောင်းတာပေါ့” ဟု ဦးနော်အောင်ကပြောသည်။
ဖားကန့်တွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများအပေါ် အစိုးရက ခေါင်းစဉ်တပ်ထားသည် မှာ ခေါင်းစဉ်ငယ်လေးများသာ ဖြစ်ပြီး အဓိကအကြောင်းအရင်း မဟုတ်ကြောင်း အစိုးရတပ်မတော်၏ နဂိုမျှော်မှန်းချက် ၊ နဂိုရည်ရွယ်ချက်သည် ဖားကန့်ဒေသတွင်ရှိသည့် ကျောက်စိမ်းလုပ်ငန်း အားလုံးကို ထိန်းချုပ်နိုင်ရန်ဖြစ်သည်ဟုလည်း ဦးဒေါင်ခါးက စွပ်စွဲပြောဆိုလိုက်သည်။
“ဖားကန့်ကိစ္စက အစိုးရစစ်တပ်ရဲ့ နဂိုမျှော်မှန်းချက်က လုံးဝထိန်းချုပ်နိုင်ဖို့အတွက်ပဲ ကျောက်စိမ်းဈေးကွက် ကျောက်စိမ်းလောက ကျောက်စိမ်းယန္တရား ကျောက်စိမ်းနယ်မြေ အားလုံးကို သူတို့ထိန်းချုပ်နိုင်ဖို့ နဂိုမူရင်း ရည်ရွယ်ချက်က အဲ့ဒါပဲ ၊ ဒါကြောင့်မို့ KIA နဲ့ ပတ်သက်တဲ့ နယ်မြေဒေသတွေကို ဖြေးဖြေးချင်းနဲ့ ရှင်းရှင်းချင်တဲ့ဟာပေါ့” ဟု ဦးဒေါင်ခါးကပြောသည်။
ဖားကန့်ကျောက်စိမ်းနယ်မြေဒေသကို ထိန်းချုပ်ရန်မှာ အဖက်ဖက်တွင် အကျိုးသက်ရောက်မှု အများအပြား ရှိနေခြင်းကြောင့် အစိုးရဘက်က လုံးဝထိန်းချုပ်နိုင်ရန် ကြိုးစားခြင်းဖြစ်ကြောင်း၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အားလုံး ဆက်နွှယ်နေသည့် ဒေသဖြစ်ခြင်းကြောင့် လုံးဝထိန်းချုပ်နိုင်ရန် ကြိုးစားသည့် အနေအထား ဖြစ်သည်ဟုလည်း ဦးဒေါင်ခါးက ဆက်လက်ပြောသည်။
ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG အနေဖြင့်လည်း အစိုးရသစ်တက်ခါစတွင် ပဋိပက္ခများ မဖြစ်ပွားစေရန် အတွက် ညှိနှိုင်းပေးခဲ့သည်များရှိကြောင်း ယခုဖားကန့်တွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများသည် ကြီးကျယ်လာခြင်း ကြောင့် ဘာမှလုပ်ဆောင်၍ မရသော်လည်း အကောင်းဆုံး ဖြစ်စေရန်အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံ၍ ပြေလည်အောင်ဖြေရှင်းနိုင်ရန် အဖြေထုတ်နေသည်ဟု ဦးလားမိုင်ဂွန်ဂျာကဆိုသည်။
“အရင်တုန်းက ဦးသိန်းစိန်အစိုးရခေတ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့နေရာမှာ သူတို့ ဖွဲ့ထားတဲ့ UPWC ဆိုတာ ရှိတယ်။ ဒီမှာ အောက်ခြေမှာပြောတယ်။ တပ်ပိုင်းကိုပြောတယ် ။ ပြောလို့အဆင်မပြေဘူးဆိုရင် အထက်ထိပေါ့ လေ။ UPWC ကို အကြောင်းကြားတင်ပြတာတွေ ရှိတယ်။ အခုအစိုးရသစ်လက်ထက်မှာ အဲ့ဒါတွေလည်း အားလုံးဖြုတ်လိုက်ပြီ ဆိုတော့ ဘယ်သူ့ကိုတင်ပြပြီး ဘယ်လိုလုပ်ရမလဲဆိုတာ အထက်ကိုလည်း တင်ပြစရာ နေရာမရှိဘူး။ အောက်ခြေမှာ တင်ပြလည်း အဆင်မပြေဘူး။ မပြေတဲ့အခါကျတော့ အခက်အခဲတော့ရှိတာပေါ့” ဟု ဦးလားမိုင်ဂွန်ဂျာက တိုက်ပွဲများဖြစ်ပွားမှုကို ညှိနှိုင်းဖြေရှင်း ပေးလိုသော်လည်း လက်တလော ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲကိုပြောပြသည်။
လတ်တလော တိုက်ပွဲများဖြစ်ပွားနေသည့် ဖားကန့်ဒေသတွင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ထားခြင်း မရှိသော်လည်း ဒေသခံပြည်သူများ အနေဖြင့် စိုးရိမ်နေရသည့် အခြေအနေတွင်ရှိနေကြောင်း ဒေသခံဦးနော်အောင်က ဆိုသည်။
“လောလောဆယ် ၂၄ နာရီသွားလာခွင့်တော့ရှိတယ်။ ဒါပေမယ့် သူတို့ရပ်ဆိုတဲ့ အနေအထားမှာ မရပ်ဘူးဆိုရင်တော့ ပစ်မိန့်ပေးထားတဲ့ သဘောမှာရှိတယ်။ ပြည်သူတွေ ညရေးညတာ တစ်ခုခု ဟိုထွက်ဒီထွက်ဆိုရင်လည်း ကျွန်တော်တို့က စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်” ဟု ဦးနော်အောင်ကပြောသည်။
ဖားကန့် မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရန် နှင့် ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင် လုပ်ကိုင်စားသောက် နိုင်ရန်အတွက် သက်ဆိုင်ရာ နယ်မြေအလိုက် ရှောင်တခင်စစ်ဆေးခြင်း၊ လှည့်ကင်း ဆောင်ရွက်ခြင်းများအား နယ်မြေခံ တပ်မတော်စစ်ကြောင်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူ့စစ်များ၊ ဘာသာရေး အသင်းအဖွဲ့များ အပါအ၀င် ပြည်သူအားလုံး က ၀ိုင်းဝန်းပူးပေါင်း၍ လုံခြုံရေးများတိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း၊ မြို့ပေါ်ရပ်ကွက်များတွင် အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီး မှုလုပ်ရပ်များကြောင့် ဒေသခံပြည်သူများ အနေဖြင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ယင်းလုပ်ရပ်များနှင့် ပတ်သက်၍ ဒေသခံပြည်သူ လူထုတစ်ရပ်လုံးက KIA လက်နက်ကိုင်အဖွဲ့ကို နာကြည်းမုန်းတီးကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက် ရှိသည်ဟု တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားသည်။

Credit To >>> The Ladies News

0 comments:

Post a Comment