Friday, May 13, 2016

ရန်ကုန်တိုင်းဒေသကြီးရှိ စားသောက်ဆိုင်၊ နိုက်ကလပ်နှင့် ဖျော်ဖြေရေး ဆိုင်များ ည ၁၁ နာရီပိတ်သိမ်းရမည့်အမိန့် ထုတ်ပြန်ထားခြင်းမရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသောက် ဆိုင်၊ နိုက်ကလပ်နှင့် ဖျော်ဖြေ ရေးဆိုင်များကို ည ၁၁ နာရီ ပိတ်သိမ်းရမည်ဟု သတင်းများထွက်ပေါ်နေ သော်လည်း အစိုးရအဖွဲ့အနေဖြင့် အမိန့်ထုတ်ပြန်ထားခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ယနေ့ညနေတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ် သည့် မူးယစ်ဆေးဝါးပပျောက်ရေးနှင့် တားဆီးနှိမ်နင်းရေးစီမံချက် အစည်း အဝေးတွင် ပြောကြားသည်။
''လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းကတော့ ည ၁၁ နာရီမှာ ကေတီဗွီတွေ၊ မာဆတ်တွေ၊ စားသောက်ဆိုင်တွေ အကုန်လုံးပိတ်ရမယ်။ ရဲတွေလိုက်စစ်နေ တယ်။ ဖမ်းမယ်၊ ဆီးမယ်ဆိုတဲ့ အပြောတွေကြားနေရတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အစိုးရအဖွဲ့က ဘာမှထုတ်ပြန်ထားတာမရှိပါဘူး။ ဒီအမိန့်တွေ ကို တကယ်တမ်းထုတ်ပြန်ရမှာ အစိုးရအဖွဲ့ကနေ ထုတ်ပြန်ရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ဝန်ကြီးချုပ်က အစည်းအဝေးလုပ်ပြီးတော့မှ ထွက်ပေါ် လာတဲ့ရလဒ်တွေအပေါ်မူတည်ပြီးမှသာလျှင် အမိန့်ကိုထုတ်တာ ဖြစ်ပါ တယ်။ အမိန့်သည်တစ်ခုပဲရှိရမှာဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။
မေ ၁ဝ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ရက် ၁ဝဝ စီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းပွဲ ကျင်းပခဲ့ပြီးနောက် အဆိုပါစီမံ ချက်နှင့်ပတ်သက်၍ စားသောက်ဆိုင်၊ နိုက်ကလပ် နှင့်ဖျော်ဖြေရေးဆိုင်များ ကို ည ၁၁ နာရီ ပိတ်သိမ်းရမည်ဟု လူမှုကွန်ရက်စာမျက်နှာ (ဖေ့ဘွတ်ခ်) ပေါ်နှင့် ပုဂ္ဂလိက သတင်းစာတချို့တွင်ဖော်ပြခဲ့ရာ ပြည်သူများ စိုးရိမ်မှု ဖြစ်ပေါ်ခဲ့သည့်အပေါ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ၄င်းက ''ပြီးခဲ့တဲ့ရက် ၁ဝဝ စီမံချက် အစည်းအဝေးလုပ်တဲ့ အခါမှာ တရားဥပဒေစိုးမိုးရေး၊ပြည်သူတွေအေးချမ်းသာယာရေး စီမံပြီးလုပ် နေပါတယ်။ ရက် ၁ဝဝ စီမံချက်သည် ပြည်သူတွေကိုနှိပ်စက်ဖို့ လုပ်နေတာ မဟုတ်ပါဘူး။ အခု အွန်လိုင်းပေါ်မှာတက်လာတာတွေ အရ ပြည်သူတွေ လန့်ကုန်ကြပြီ။ ကျွန်တော်တို့က အခုအချိန်ထိဘာမှ အမိန့်မထုတ်ရသေးပါ ဘူး။ အစိုးရအဖွဲ့ အစည်းအဝေးလုပ်ပြီးမှသာ သက်ဆိုင်ရာကနေ ညွှန်ကြား သွားမှာဖြစ်ပါတယ်။ စစ်ဆေးတဲ့အခါမှာလည်း အထွေထွေအုပ်ချုပ်ရေး အဖွဲ့နဲ့ရဲတပ်ဖွဲ့တွေပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ပေးထားတာရှိပါတယ်။အစိုးရအဖွဲ့ကလည်းစာထုတ်ပြီး ဖွဲ့ပေးထားတာတွေရှိပါတယ်။ အဓိက ဒီအမိန့်တွေ ထုတ်ပြန်တာဟာ ထွေ/အုပ်ကသာ ထုတ်ပြန်တာဖြစ်ပါတယ်'' ဟု ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရက် ၁ဝဝ စီမံချက်နှင့်ပတ်သက်၍ ထိုကဲ့သို့ သတင်းများ ထွက်ပေါ်လာခဲ့ခြင်းကြောင့် ပြည်သူများကြား စိုးရိမ် ဝေဖန်မှုများဖြစ်ပေါ်နေမှုနှင့်အတူ အားပေးထောက်ခံသူများလည်း ရှိနေ ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှ မှတ်ချက်များအရသိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ''အခုလို ကျွန်တော်တို့ဌာနဆိုင်ရာ အသီးသီးကြားမှာ ပြုပြင်ပြောင်းလဲရေးအတွက် အင်တိုက် အားတိုက် ဆွေးနွေးနေကြတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ရဲ့ ဒီအပြောင်းအလဲမှာ ပြည်သူ့ဝန်ကို ထမ်းမယ်ဆိုတဲ့ ပြည်သူ့ဝန်ထမ်း အဖွဲ့အစည်းတွေက စပြီး ရုန်းကန်လှုပ်ရှားရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ရုန်းကန်လှုပ်ရှားမှုတွေကို ပြည်သူကနားလည်မှုရှိပြီး ပူးပေါင်းပါဝင်လာခြင်းဖြင့် ကျွန်တော်တို့နိုင်ငံရဲ့အပြောင်းအလဲကို သယ်ဆောင် သွားနိုင်မှာဖြစ်ပါတယ်။ ဒီလိုသယ်ဆောင်တဲ့နေရာမှာ ဥပဒေစည်းမျဉ်း စည်းကမ်းအမိန့်ညွှန်ကြားချက်တွေရှိနိုင်ပါတယ်''ဟု အဆိုပါ အစည်းအဝေး တွင် ပြောကြားသည်။
အမိန့်ညွှန်ကြားချက်များဖြင့် ဆောင်ရွက်အကောင်အထည်ဖော်သည့် အချိန်တွင်လည်း ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းသည် ပြည်သူတို့ကို ဖမ်းဆီးချင်၍ မဟုတ်ကြောင်း၊ အစိုးရအနေဖြင့် အသိပေးအဆင့်ကိုကျော် လွန်ကာ ဆောင်ရွက်နေသူများကိုသာ ဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်သည့်အပြင် အမိန့်ညွှန်ကြားချက်များကိုလည်း အစိုးရအနေဖြင့် တိတိကျကျပုံစံချပေးသွားမည်ဖြစ်ကြောင်းနှင့် ဥပဒေကို ပြည်သူလူထုက မိမိတို့၏ အသိတရားဖြင့် လိုက်နာဆောင်ရွက်နိုင်သည့်အခြေအနေကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။



Credit To >>> MOI Webpot Myanmar

0 comments:

Post a Comment