Wednesday, June 19, 2013

မိမိကိုယ်ကို အဆုံးစီရင်မှုများလာသည့် ရန်ကုန်တိုင်းမှအမျိုးသမီးများ




ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ အမျိုးသမီးများမှာ မိမိကိုယ်ကိုသေကြောင်းကြံစည်မှုများလာကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

လှိုင်သာယာမြို့နယ်တွင် ဇွန်လ ၁၈ ရက်နေ့က အမျိုးသမီးတစ်ဦး အဆိပ်သောက်ကာ မိမိကိုယ်ကိုအဆုံး စီရင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ အမျိုးသမီးမှာ လှိုင်သာယာမြို့နယ်စက်မှုဇုန်(၄)၊ ဗိုလ်အောင်ကျော်လမ်းတွင် နေထိုင်သူဖြစ်ပြီး စိတ်ညစ် သည်ဟု ဆိုကာ သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မိမိကိုယ်ကို သေကြောင်းကြံစည်သူမှာ အသက်(၂၃)နှစ်အရွယ်ရှိ မဌေးဌေးအောင်ဖြစ်ပြီး ငှက်ထောင်ရာတွင် အသုံးပြုသည့် ပိုတက် (ခေါ်) အဆိပ်ခဲအား ည (၁၁း၀၀) နာရီဝန်းကျင်ခန့်က သောက်သုံး၍ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်သည်။

အလောင်းအား လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ကာ ပီအာ-၀၁ ဖြင့် လက်ခံထားပြီး ဒု-ရဲအုပ် ကျော်သက်ခိုင်မှ တရားလိုပြုလုပ်တိုင်ကြားထားကြောင်း သိရှိရသည်။ အဆိုပါအမှုအား လှိုင်သာယာရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၄၆/၁၃ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ရဲအုပ် ဌေးဝင်း (စခမ)မှ တာဝန်ယူစစ်ဆေးလျက်ရှိသည်။

အလားတူ တောင်ဒဂုံမြို့နယ်တွင်လည်း ဇွန်လ (၁၈) ရက်နေ့က အသက်(၄၁)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးမှ ဆွဲကြိုးချ၍ မိမိကိုယ်သတ်သေမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၁၁) ရက်နေ့ကလည်း အသက်(၂၀)ခန့်ရှိ အမျိုးသမီးငယ် (၁) ဦးမှ အကြွေးဆပ်စရာ ရှိသည်ဟုဆိုကာ ဘုရင့်နောင် တံတားပေါ်မှ ခုန်ချ၍ မိမိကိုယ်ကိုသတ်သေခဲ့ရာမှ ဇက်ရေယာဉ်မောင်း သမားတစ်ဦးမှ ကယ်ဆယ်နိုင်ခဲ့သည့်အတွက် သေကံမရောက် အသက်မပျောက်ခဲ့ပေ။

မိမိကိုယ်ကို အဆုံးစီရင်ပါက အဖန်ငါးရာငါးကမ္ဘာအထိ ဒုက္ခ၀ဋ်ဆင်းရဲ၌ ခံစားရမည်ဟု မြန်မာလူမျိုးက ယုံကြည် ထားသည်နှင့်အညီ အဆိုပါအပြုမှုအား တစ်ဘ၀တာရှောင်ကြဉ်သင့်သည်ဟု ဆရာတော်ကြီးများကဆို ဆုံးမ ထားသည်။

0 comments:

Post a Comment