Friday, May 6, 2016

တရားဝင် အတည်ပြုချက်မရသေးပဲ မြန်မာနိုင်ငံကို ပျံသန်းပြေးဆွဲမယ့်ခရီးစဉ် တွေအတွက်လက်မှတ်ကြိုရောင်းနေတဲ့ ထိုင်းလေကြောင်းလိုင်း ခေါ်ယူမေးမြန်းခံနေရ

တရားဝင် အတည်ပြုချက်မရသေးတဲ့ မြန်မာနိုင်ငံကို ပျံသန်းမယ့် ခရီးစဉ်တွေအတွက်
လက်မှတ်ကြိုတင်ရောင်းချနေတာကို လာရောက် ဖြေရှင်းချက်ပေးဖို့ ထိုင်းလေကြောင်း
လိုင်းတစ်လိုင်းဖြစ်တဲ့ Thai Lion Air (TLA) ရဲ့ တာဝန်ရှိအမှုဆောင်အရာရှိချုပ်တွေကို
ထိုင်းလေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနက ဆင့်ခေါ်ထားတယ်လို့ သတင်းတစ်ရပ်မှာ
ဖော်ပြထားပါတယ်။
TLA လေကြောင်းလိုင်းအနေနဲ့ လက်ရှိအချိန်ထိ မြန်မာနိုင်ငံဆီကို ခရီးစဉ်တွေ
ပျံသန်းပြေးဆွဲဖို့ခွင့်ပြုချက် မရသေးဘူးလို့ သိရပါတယ်။
TLA လေကြောင်းလိုင်းဟာ မြန်မာနိုင်ငံဆီကို ပျံသန်းဖို့ မြန်မာလေကြောင်းအာဏာပိုင်
တွေဆီက ခွင့်ပြုချက်မရသေးပဲနဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ခရီးစဉ်တွေအတွက်
ကြော်ငြာအစီအစဉ်တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကန့်ကွက်
မှုတွေ ဖြစ်ပေါ်ခဲ့ပြီးတော့မှ ယခုလို ထိုင်းအာဏာပိုင်တွေက ခေါ်ယူမေးမြန်းဖို့ အထိဖြစ်
လာခဲ့တာဖြစ်ပါတယ်။
အထက်ပါ ခရီးစဉ် ကြော်ငြာအစီအစဉ်မှာ ယင်းလေကြောင်းလိုင်းအနေနဲ့ လာမယ့်
မေလ ၂၀ ရက်မှာ စတင်ပြီးတော့ မြန်မာနိုင်ငံဘက်ကို လေကြောင်း ခရီးစဉ်တွေ
ပျံသန်းတော့မယ်လို့ ပြောကြားထားပါတယ်။
အဲဒီလို လုပ်ဆောင်မှုမျိုးက ခွင့်လွှတ်လို့ မရနိုင်တဲ့လုပ်ရပ်ဖြစ်တာကြောင့် သက်ဆိုင်ရာ
အေဂျင်စီကို ယခုကိစ္စ ကိုင်တွယ်ဖြေရှင်းဖို့ ညွန်ကြားထားတယ်ဆိုပြီး ထိုင်းလေကြောင်း
ပို့ဆောင်ရေး ၀န်ကြီး အာခွန် တာပစ်တေယာပိုင်ဆစ်က ပြောပါတယ်။
အလားတူ လောလောဆယ်မှာ ထိုင်းအရပ်ဘက် လေကြောင်း အာဏာပိုင်အဖွဲ့ CAAT
ကလည်း ယခုကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန အမြဲတမ်း
အတွင်းဝန် ချာ့ချိုင် တစ်ဆူနေ့ဗ်က ဆိုပါတယ်။ ယခုဆိုရင်တော့ TLA လေကြောင်းလိုင်းက အမှုဆောင်အရာရှိချုပ်တွေအနေနဲ့ ယခုကိစ္စနဲ့ပတ်သက်လို့
သွားရောက်ဖြေရှင်းချက် ပေးရတော့မှာဖြစ်ပါတယ်။
လေကြောင်းလိုင်းတွေအနေနဲ့ကတော့ ခရီးစဉ် စတင်ထွက်ခွာမယ့် နိုင်ငံ၊ ဆိုက်ရောက်မယ့်
နိုင်ငံတွေဆီက သက်ဆိုင်ရာ အာဏာပိုင်တွေဆီကနေ အတည်ပြုချက်ရပြီးမှသာ
လက်မှတ်တွေကို စတင်ရောင်းချနိုင်
မှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ လေကြောင်းလိုင်းဟာဆိုရင် ခရီးစဉ်တွေပြေးဆွဲဖို့ လက်ရှိအချိန်ထိ
မြန်မာနိုင်ငံဘက်မှ လေကြောင်းအာဏာပိုင်တွေရဲ့ အတည်ပြုချက်ရဖို့ ဆွေးနွေးဆဲ
အဆင့်မှာသာ ရှိသေးတယ်လို့ သိရပါတယ်။
Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment