Friday, April 8, 2016

ပုဂံ-ညောင်ဦးသို့ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့်သည်အ၀င်များ၍ ဗူးဘုရားအနီးမှ စက်လှေလုပ်ငန်းရှင်များ အလုပ်ဖြစ်နေ



ယခုရက်ပိုင်းတွင် ပုဂံ - ညောင်ဦးမြို့သို့ ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များ လာရောက်မှုများပြားနေပြီး ပုဂံ တစ်ဖက်ကမ်း တန့်ကြည့်တောင် စွယ်တော်မြတ်စေတီသို့လည်း သွားရောက်မှုများသဖြင့် ပုဂံ-ညောင်ဦးမြို့ရှိ ဗူးဘုရားစက်လှေဆိပ်မှ စက်လှေ လုပ်ငန်းရှင်များ နေ့စဉ်ဝင်ငွေ ရရှိနေကြကြောင်း သိရသည်။
ပုဂံ-ညောင်ဦးသို့ ဘုရားဖူးလာသော ဧည့်သည်များသည် ဘုရားများကို ဖူးမြော်ရာတွင် အထင်ကရ တန်ခိုးကြီးဘုရားများတွင် အပါအဝင်ဖြစ်ပြီး စွယ်တော်လေးဆူတွင်လည်း တစ်ဆူအပါအဝင်ဖြစ်သည့် တန့်ကြည့်တောင်စွယ်တော်မြတ်စေတီတော်ကြီးသို့ အဓိဋ္ဌာန်ဖြင့် သွားရောက် ဖူးမြော်လေ့ရှိကြောင်း သိရသည်။ တန့်ကြည့်တောင် စွယ်တော်မြတ် စေတီတော်ကြီးသို့ သွားရောက်ရန်အတွက် ပုဂံညောင်ဦးမြို့ရှိ ဗူးဘုရားစက်လှေဆိပ်မှ စက်လှေများကို စင်းလုံးပြတ် ငှားရမ်း၍ သွားရောက်ရသဖြင့် စက်လှေမောင်းသူများ မှာ နေ့စဉ် လှေငှား ရမ်းနေရခြင်းဖြစ်သည်။

“ဘုရားဖူးဧည့်သည်တွေ စွယ်တော် လေးဆူဖူးမြော်ရာမှာ စွယ်တော် သုံးဆူဖြစ်တဲ့ ရွှေစည်းခုံ၊ လောက နန္ဒာနဲ့ တုရင်တောင် စွယ်တော်မြတ်စေတီတွေကို ကားနဲ့လှည့်လည်ပြီး ဖူးမြော်လို့ ရပေမယ့်စွယ်တော်တစ်ဆူ ဖြစ်တဲ့ တန့်ကြည့်တောင် စွယ်တော် မြတ်စေတီကိုတော့ ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်း မှာ ဖြစ်နေတဲ့အတွက် စက်လှေ ငှားရမ်းပြီးမှ သွားလို့ရတာပါ။ အခုရက်ပိုင်းမှာ ပြည်တွင်း၊ပြည်ပ ဘုရားဖူး ဧည့်သည်တွေ အများအပြား ဝင်ရောက်ဖူးမြော်နေတာကြောင့် ဗူးဘုရားအနီးက စက်လှေ လုပ်ငန်းရှင်တွေ နေ့စဉ် စက်လှေ ငှားရမ်း ပို့ဆောင်ခ ရနေလို့ အဆင်ပြေနေကြပါတယ်။ စက်လှေငှားရမ်း ပို့ဆောင်ခကတော့ စင်းလုံးပြတ်ငှားရမ်းခ ကျပ် ၁၅၀၀၀ မှ ၂၅၀၀၀ ခန့် အထိ ပေးဆောင်ငှားရမ်းရပါတယ်”ဟု ဗူးဘုရားအနီး စက်လှေဆိပ်မှ လှေပိုင်ရှင် တစ်ဦးက ပြောပြသည်။

ယခုအချိန်တွင် အယ်နီညိုရာသီဥတုကြောင့် ပုဂံ-ညောင်ဦးဒေသတွင် အပူရှိန် မြင့်တက်နေသော်လည်း ပုဂံ-ညောင်ဦးမြို့သို့ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့်သည်များ လာရောက်မှု လျော့ကျခြင်းမရှိဘဲ အများအပြား လာရောက်နေလျက်ရှိကြောင်း သိရသည်။
Credit To >>> မြ၀တီ

0 comments:

Post a Comment