Monday, April 25, 2016

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ပြည်နယ်အဆင့် ကော်မတီများဖွဲ့ရန် ဆွေးနွေးမည်ဟုဆို


နေပြည်တော်တွင် ဧပြီလ ၂၆ ရက်(ယနေ့)တွင် ကျင်းပမည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးတွင် ပြည်နယ်အဆင့် စောင့်ကြည့်ရေးကော်မတီများ ထပ်မံဖွဲ့စည်းနိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း JMC ကော်မတီဝင်များထံမှ ကြားသိရသည်။

အစည်းအဝေးကို ဧပြီလ ၂၆ရက်နှင့် ၂၇ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကော်မတီဝင်များထံမှ သိရသည်။
လက်ရှိတွင် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲမှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများကို ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဖွဲ့စည်းပြီးဖြစ်ကာ ကျန်သည့် အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ အခြေစိုက်ရာ ဒေသများဖြစ်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် ထပ်မံ ဖွဲ့စည်းရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာရွှေခါးက The Voice သို့ ပြောကြားသည်။
“ကော်မတီတစ်ခုလုံးကို အထောက်အကူပြုမယ့် ပြည်နယ် အသီးသီးမှာ စောင့်ကြည့်ရေးကော်မတီ ဖွဲ့မယ့်ကိစ္စတွေ၊ ကော်မတီတွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို အဓိက ဆွေးနွေးသွားမယ်”ဟု ဒေါက်တာရွှေခါးက ဆိုသည်။
ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ဇန်နဝါရီလ ၉ ရက်က ရှမ်းပြည်နယ် ခိုလန်မြို့တွင် ဖွဲ့စည်းခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ဖေဖော်ဝါရီလ ၂၅ရက်က မြိတ်မြို့တွင် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း JMC ကော်မတီဝင်များထံမှ သိရသည်။
JMC ကော်မတီအနေနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်အဖွဲ့ ၈ဖွဲ့တို့နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ၊ ပဋိပက္ခများ မဖြစ်ပွားစေရေး တပ်နေရာချထားရေး များ ညှိနှိုင်းဆောင်ရွက်ပေးရန် ပဋိပက္ခများ ဖြစ်ပွားလာပါက ပြေလည်အောင်ဆောင်ရွက်ပေးရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း JMC အဖွဲ့ဝင်များထံမှ သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်မှု ကော်မတီ ဖွဲ့စည်းရာတွင် အစိုးရဘက်မှ ကိုယ်စားလှယ် ငါးဦး၊ တိုင်းရင်းသား လက်နက်ကိုင်များမှ ကိုယ်စားလှယ် ငါးဦး၊ အရပ်သားကိုယ်စားလှယ် လေးဦး စုစုပေါင်း ၁၄ ဦးဖြင့် ဖွဲ့စည်းရမည်ဟု JMC ထံမှ သိရသည်။
Credit To >>> The Voice  Weekly

0 comments:

Post a Comment