Monday, March 21, 2016

MH370မှဟု ယူဆရသည့် အစိတ်အပိုင်းများကို စုံစမ်းစစ်ဆေးရန် ဩစတြေးလျ လက်လွှဲယူ

ပျောက်ဆုံးနေသည့် MH370 လေယာဉ်မှဟု ယူဆရသည့် အစိတ်အပိုင်း နှစ်ခုကို စစ်ဆေးရန်အတွက် ဩစတြေးလျက လက်လွှဲယူဆောင်လာပြီဟု သိရှိရသည်။

မိုဇင်ဘစ်နိုင်ငံ ကမ်းခြေတစ်ခုတွင် လာရောက် သောင်တင်နေသည့် အစိတ်အပိုင်း တစ်ခုကို အမေရိကန်မှ အပျော်တမ်း စူးစမ်းလေ့လာသူ တစ်ဦးက ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် တွေ့ရှိခဲ့သည်။ အခြားတစ်ခုကိုမူ ယမန်နှစ်၊ ဒီဇင်ဘာလ အတွင်းက တောင်အာဖရိက ကမ္ဘာလှည့် ခရီးသွား တစ်ဦးက ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
မလေးရှား လေကြောင်းပိုင် MH370 လေယာဉ်သည် ၂၀၁၄ ခုနှစ်၊ မတ် ၈ ရက်ကတည်းက ကွာလာလမ်ပူမှ ဘေဂျင်းသို့ အသွားတွင် အကြောင်းရင်းမသိ ပျောက်ကွယ်သွားပြီး လေယာဉ်နှင့်အတူ ပါသွားသူ ၂၃၉ ဦး၏ ကံကြမ္မာကိုလည်း တိတိကျကျ မသိရသေးချေ။ လေယာဉ်သည် နောက်ကြောင်းလှည့် ပျံသန်းကာ အိန္ဒိယ သမုဒ္ဒရာထဲတွင် ပျက်ကျသွားသည်ဟု ယူဆရပြီးနောက် ဩစတြေးလျက ဦးဆောင်ကာ ဖြန့်ကျက် ရှာဖွေနေမှုများမှာလည်း ယခုတိုင် အရာမထင်သေးချေ။
ဩစတြေးလျ သယ်ယူပို့ဆောင်မှု လုံခြုံရေး ဗျူရိုက မိုဇင်ဘစ် ကမ်းခြေတွင် ရှာတွေ့သော အစိတ်အပိုင်းများ ယခုအခါ မိမိတို့ထံ ရောက်ရှိနေပြီး MH370ထံမှ ဟုတ်မဟုတ် အတည်ပြုနိုင်ရန် စစ်ဆေး စုံစမ်းသွားမည်ဟု
ပြောကြားခဲ့သည်။ “ဒီအပိုင်းမှာ မလေးရှားက ပညာရှင်တွေပါ ပူးပေါင်းပါဝင်ပြီး ဆန်းစစ် ဖော်ထုတ်မှာပါ”ဟု ဗျူရို၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ဖေဖော်ဝါရီလတွင် ရှာတွေ့သည့် ပစ္စည်းသည် MH370 မော်ဒယ်လ်ဖြစ်သော Boeing 777 လေယာဉ်တစ်စီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ခြေ အလွန်များပြားကြောင်း မှတ်ချက်ပြုထားသည်။ ဩစတြေးလျတွင် ပြုလုပ်မည့် စစ်ဆေးမှုများကို Boeing ကုမ္ပဏီမှ ကိုယ်စားလှယ်များပါ လာရောက်ပါဝင် ပူးပေါင်းမည်ဟုလည်း သိရှိရသည်။
Credit To >>> ပြည်မြန်မာ

0 comments:

Post a Comment