Friday, March 18, 2016

ပြည်သူများ နေ့စဉ်လာဘ်ပေးရမှုတွင် စည်ပင်နှင့် လ၀ကကို ၂၄ ရာခိုင်နှုန်းစီနှင့် ယာဉ်ထိန်းရဲများကို လာဘ်ပေးရမှု ၂၁ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်နေပြီး အစိုးရတင်ဒါများ၊ ၀န်ကြီးဌာနများနှင့် ၀င်ငွေခွန် ပေးဆောင်ရာတွင် လာဘ်ပေးရမှု ၂၇ ရာခိုင်နှုန်းစီရှိကာ ရန်ကုန်စည်ပင်ကို လာဘ်ပေးရမှု ၁၅ ရာခိုင်နှုန်းနှင့် အကောက်ခွန်ရုံးများတွင် လာဘ်ပေးရမှု ၁၄ ရာခိုင်နှုန်းအထိ ရှိနေဟုဆို

ပြည်သူများ၏ နေ့စဉ်ဘ၀ လာဘ်ပေးရမှုတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် လူဝင်မှုကြီးကြပ်ရေးရုံးများက ၂၄ ရာခိုင်နှုန်းစီနှင့် လာဘ်ပေးလာဘ်ယူမှု အများဆုံးအဖြစ် ဦးဆောင်နေပြီး ယာဉ်ထိန်းရဲများကို လာဘ်ပေးရမှုမှာ ၂၁ ရာခိုင်နှုန်းအထိ ရှိနေကာ အစိုးရတင်ဒါများ၊ ၀န်ကြီးဌာနများနှင့် ၀န်ငွေခွန်ပေးဆောင်ရာတွင် လာဘ်ပေးရမှု ၂၇ ရာခိုင်နှုန်းစီအထိ ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို လာဘ်ပေးရမှု ၁၅ ရာခိုင်နှုန်းနှင့် အကောက်ခွန်ရုံးများတွင် လာဘ်ပေးရမှု ၁၄ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်နေကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာနက မတ် ၁၇ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။


အဆိုပါ ထုတ်ပြန်ချက်စစ်တမ်းကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမင်း ဦးဆောင်သည့် မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်များအတွက် မတ် ၁၆ ရက်တွင် ရန်ကုန်မြို့၌ ကုမ္ပဏီပေါင်း ၆၀ ကျော်နှင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို စိတ်ဝင်စားသည့် အဖွဲ့အစည်း ၁၅ ခုမှ တာဝန်ရှိသူများ တက်ရောက်သည့်“ မြန်မာနိုင်ငံတွင် ပြောင်းလဲမှု ဖြစ်ပေါ်စေခြင်း-စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှုများကို မည်သို့ တိုက်ဖျက်ရမည်ကို လက်တွေ့ကျစွာ ဆွေးနွေးမည့် အလုပ်ရုံဆွေးနွေးပွဲ”တွင် စစ်တမ်းကောက်ယူကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကုန်သည်စက်မှုအသင်းချုပ်၊ UNGC Myanmar Local Network ၊ ASEAN CSR Network ၊ Transparency International Malaysia ၊ Smart ၊ Max Myanmar ၊ Standard Chartered ၊  UNODC ၊  Spectrum နှင့် Coca Cola တို့ တက်ရောက်ခဲ့သည်။

လာဘ်ပေးရမှုများဆိုင်ရာ စစ်တမ်းများ ကောက်ယူရာတွင် အများဆုံး လာဘ်ပေးရသည့် နေရာများမှာ ၀င်ငွေခွန်ပေးဆောင်ရာတွင်၊ အစိုးရခွင့်ပြုချက်လိုင်စင်နှင့် တင်ဒါများဆောင်ရွက်ရာတွင် ဖြစ်နေသည်။
“ မြန်မာနိုင်ငံတွင် ပြောင်းလဲမှု ဖြစ်ပေါ်စေခြင်း-စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှုများကို မည်သို့တိုက်ဖျက်ရမည်ကို လက်တွေ့ကျစွာ ဆွေးနွေးမည့် အလုပ်ရုံဆွေးနွေးပွဲ” တွင် တက်ရောက်သူများ၏ ၂၇ ရာခိုင်နှုန်းက အစိုးရတင်ဒါ၊ လိုင်စင်ချပေးသောဝန်ကြီးဌာနများနှင့် ဆက်ဆံရာတွင် လာဘ်ပေးရမှု အများဆုံး ဖြစ်နေပြီး အခြား ၂၇ ရာခိုင်နှုန်းက ၀င်ငွေခွန်ပေးဆောင်ရသည့် ဌာနများတွင် လာဘ်ပေးခဲ့ရသည်ဟု ဆိုသည်။ ထို့ပြင် ကျန် ၁၅ ရာခိုင်နှုန်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို လာဘ်ပေးရယူ အများဆုံးအဖြစ် ဆိုခဲ့ပြီး ကျန် ၁၄ ရာခိုင်နှုန်းက အကောက်ခွန်ဆိုင်ရာရုံးများတွင် လာဘ်ပေးရမှု အများဆုံးဖြစ်ကြောင်း ဖြေဆိုခဲ့သည် ဟု MCRB ၏ စစ်တမ်းကဆိုသည်။

ထို့ပြင် ပြည်သူများ၏ နေ့စဉ်ဘ၀ လာဘ်ပေးရမှုတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မဲပေးမှု ၂၄ ရာခိုင်နှုန်းဖြင့် အများဆုံး လာဘ်ပေးနေရပြီး လူဝင်မှု ကြီးကြပ်ရေးရုံးများက ၂၄ ရာခိုင်နှုန်းနှင့် အများဆုံး လာဘ်ပေးလာဘ်ယူမှု ပြုလုပ်နေသည်။ ထို့ပြင် ယာဉ်ထိန်းရဲများကိုလည်း လာဘ်ပေးရမှုမှာ ၂၁ ရာခိုင်နှုန်းအထိ ရှိနေကြောင်း MCRB ၏ စစ်တမ်းက ဆိုသည်။

“မြန်မာအစိုးရသစ်အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးက မြန်မာနိုင်ငံအတွက် အရေးပါတယ်ဆိုတာ နားလည်ထားပြီး ဖြစ်ပါတယ်။ အစိုးရသစ်အနေနဲ့လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစွမ်းကုန်လုပ်မယ်လို့ မျှော်လင့်ထားတယ်” ဟု ဗစ်ကီဘိုးမင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကာလကြာမြင့်စွာ အမြစ်တွယ်နေသည့် အဂတိလိုက်စားမှုသည် မြန်မာကုမ္ပဏီများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ကြီးမားသည့် အဟန့်အတားဖြစ်နေသည်ဟု ထုတ်ပြန်ချက်စစ်တမ်းက ဆိုသည်။ မြန်မာကုမ္ပဏီအချို့က ကောင်းမွန်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်များ ထားရှိသော်လည်း ကုမ္ပဏီအများအပြားတွင် ထိုသို့ထားရှိနိုင်ခြင်း မရှိချေ။ ထို့ကြောင့် အစိုးရသစ်အနေနှင့် အဂတိတိုက်ဖျက်ရေးလုပ်ငန်း၏ အစအနအနေဖြင့် လာဘ်ပေးလာဘ်ယူမှုကို ဖြစ်စေသော အကြောင်းအရာများနှင့် ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆုံးဖြတ်နိုင်ရေး လေ့လာဆန်းစစ်မှုတစ်ရပ် လုပ်ဆောင်ရန် အစိုးရသစ်ကို တိုက်တွန်းကြောင်း ဗစ်ကီဘိုးမင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရာတွင် အဓိကကြုံတွေ့ရသည့် စိန်ခေါ်မှုများအနက် အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်ရန် ကုမ္ပဏီများ၏ လုပ်ဆောင်မှုအပေါ်တွင် မူတည်နေကြောင်းနှင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း ၃၀၀ ကျော်က UN Global Compact နှင့် ၎င်း၏ အခြေခံ စည်းမျဉ်းစည်းကမ်း ၁၀ ချက်ကို လိုက်နာရန် ကတိက၀တ်ပြုထားပြီးဖြစ်သည့်အတွက် အဆိုပါ ကတိက၀တ်များကို လက်တွေ့လုပ်ဆောင်မှုအဖြစ် အကောင်အထည်ဖော်ရန် အချိန်ရောက်နေပြီဖြစ်ကြောင်း ASEAN CSR Network ၏ နာယကနှင့် ကုန်သည်စက်မှုအသင်းချုပ်၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။    
Credt To >>> Eleven Media Group

0 comments:

Post a Comment