Friday, March 25, 2016

ဒုံးကျည်အင်ဂျင် နည်းပညာ စမ်းသပ်အောင်မြင်ပြီဟု မြောက်ကိုရီးယား ကြေညာ

ဒုံးကျည်အင်ဂျင်နည်းပညာကို အပြည့်အဝ စမ်းသပ်အောင်မြင်ခဲ့ပြီဟု မြောက်ကိုရီးယားက သတင်းထုတ်ပြန်ခဲ့ပြီးနောက် တောင်ကိုရီးယားက နိုးနိုးကြားကြား စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

၎င်းတို့၏ တာဝေး ပျံသန်းနိုင်သော တိုက်ချင်းပစ်ဒုံးကျည်များအတွက် လောင်စာခဲအသုံးပြု အင်ဂျင်နည်းပညာကို အောင်မြင်စွာ အကောင်အထည်ဖော်တီထွင်နိုင်ခဲ့ပြီဟု မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက မတ် ၂၄ ရက်တွင် ကြေညာခဲ့သည်။ ထို့နောက် တောင်ကိုရီးယား သမ္မတက စစ်တပ်အနေဖြင့် မြောက်ကိုရီးယားဘက်မှ အဆင်ခြင်မဲ့ ကျူးကျော်မှုမျိုးရှိလာပါက ချက်ချင်းတုံ့ပြန်နိုင်ရေး အသင့်အနေအထား နိုးကြားနေရန် အမိန့်ထုတ်ထားလိုက်သည်။
၎င်းတို့၏ နျူကလီးယားလက်နက်နှင့် ဒုံးကျည်စမ်းသပ်မှုများကို ကုလသမဂ္ဂက ဆန့်ကျင်ကာ ပိတ်ပင်တားဆီးမှုများ မြှင့်တင်လိုက်သည့်နောက် မြောက်ကိုရီးယားသည် တိုက်ချင်းပစ်ဒုံးကျည် နည်းပညာပိုင်းကို ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဖြင့် တုံ့ပြန်လာသည်။ တောင်ကိုရီးယားထောက်လှမ်းရေးက မြောက်ကိုရီးယားသည် နောက်ထပ်နျူကလီးယားဗုံး စမ်းသပ်မှုတစ်ခုကို အချိန်မရွေး လုပ်ဆောင်လာနိုင်ကြောင်း သုံးသပ်ထားသည်။
မြောက်ကိုရီးယား အာဏာရကွန်မြူနစ်ပါတီက ထုတ်ဝေသည့် ရိုဒွန်ဆင်မွန် သတင်းစာက မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအန်းက ဒုံးကျည်အင်ဂျင်တစ်ခုကို စစ်ဆေးနေသည့် ဓာတ်ပုံကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထို့အပြင် အဆိုပါအင်ဂျင်၏ အလုပ်လုပ်ပုံနှင့် မောင်းနှင်တွန်းကန်ပုံတို့ကိုလည်း စာနှစ်မျက်နှာစာအပြည့် ရှင်းလင်းရေးသားထားသည်။
“လက်တွေ့ စမ်းသပ်မှုတွေမှာ အောင်မြင်ခဲ့တဲ့အပေါ် ခေါင်ေးဆာင်ကြီးက သိပ်ကျေနပ်နေပါတယ်။ ဒီအောင်မြင်မှုဟာ နိုင်ငံရဲ့ တိုက်ချင်းပစ်ဒုံးကျည်စွမ်းရည်ကို မြှင့်တင်ရာရောက်ခဲ့ပြီး ရန်သူတွေကို အသနားအညှာတာမရှိ ချေမှုန်းပစ်နိုင်မှာပါ” ဟု မြောက်ကိုရီးယား KCNA သတင်းဌာနကလည်း ဖော်ပြသွားသည်။
မြောက်ကိုရီးယားသည် မတ် ၂၃ ရက်ကလည်း တောင်ကိုရီးယားသမ္မတရုံးကို တိုက်ခိုက်ရန် အသင့်ရှိနေကြောင်း ခြိမ်းခြောက်မှုတစ်ရပ် ထပ်မံပြုလုပ်ခဲ့ဖူးရာ အိမ်ပြာတော် (တောင်ကိုရီးယား သမ္မတအိမ်တော်) ၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့များကို အနိုးကြားဆုံး တပ်လှန့်ထားရသည်။
တောင်ကိုရီးယားသမ္မတ ပက်ခ်ဂွမ်ဟီးကလည်း မြောက်ကိုရီးယားဘက်မှ အဆင်ခြင်မဲ့ကျူးကျော်လာသည်နှင့် ချက်ချင်းတုံ့ပြန်နိုင်ရန် စစ်တပ်အားလုံးကို အသင့်အနေအထား ပြင်ဆင်ထားစေကြောင်း သူမ၏ရုံးအဖွဲ့က ကြေညာသည်။
ကိုရီးယားကျွန်းဆွယ်တွင် တောင်ကိုရီးယားနှင့်အမေရိကန်တို့ ပူးပေါင်းပြီး နှစ်ပတ်လည်စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်ခုပြုလုပ်နေရာ ယင်းကို မြောက်ကိုရီးယားက အပြင်းအထန်ဒေါသထွက်ခဲ့ပြီး တင်းမာမှုများ မြင့်တက်နေခြင်း ဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment