Wednesday, March 30, 2016

အိုဘားမားက တောင်ကိုရီးယား၊ ဂျပန်ခေါင်းဆောင်များနှင့် မြောက်ကိုရီးယား ခြိမ်းခြောက်မှုကို ဆွေးနွေးမည်



အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ယခုသီတင်းပတ်တွင် ဂျပန်နှင့် တောင်ကိုရီးယား ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ နျူကလီးယား လက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယား၏ မြင့်တက်လာသည့် ခြိမ်းခြောက်မှုကို ဆွေးနွေးသွားမည်ဟု အိမ်ဖြူတော်က မတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ တောင်ကိုရီးယား သမ္မတ ပက်ကွမ်ဟီးတို့နှင့် အိုဘားမားတို့အကြား သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို မတ် ၃၁ ရက်တွင် ဒါဇင်နှင့်ချီသော နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်မည့် ပိုမိုကျယ်ပြန့်သော နျူကလီးယား လုံခြုံရေး ထိပ်သီး၏ ဘေးဆွယ်တွေ့ဆုံမှုတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြောက်ကိုရီးယားကို သံတမန်ရေးနှင့် စီးပွားရေး အဓိက အားပေးထောက်ပံ့ပေးနေသည့် တရုတ်နိုင်ငံမှ သမ္မတ ရှီကျင်ပင်းနှင့်လည်း ယင်းနေ့တွင်ပင် အိုဘားမားက ဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ ယခုဆွေးနွေးပွဲသည် ခေါင်းဆောင်သုံးဦးက မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုအား ပူးတွဲတုံ့ပြန်မှုကို ဆွေးနွေးရန်နှင့် နိုင်ငံသုံးနိုင်ငံအကြား ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စများတွင် လုံခြုံရေးဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အခွင့်အရေး တစ်ခုဖြစ်လာမည် ဖြစ်ကြောင်း အိမ်ဖြူ တော်က ထုတ်ပြန်ခဲ့သည်။

ပက်နှင့် အာဘေးတို့နှင့် တွေ့ဆုံစဉ် အိုဘားမားက မြောက်ကိုရီးယား၏ ရန်စသည့် လုပ်ရပ်များနှင့် ခြိမ်းခြောက်မှုများကို ဆွေးနွေးရန် သေချာသလောက် ရှိနေသည်။ မြောက်ကိုရီးယားသည် တာဝေးပစ် နျူ ကလီးယား လက်နက်စွမ်းရည် ဖန်တီးမှုတွင် နည်းပညာဆိုင်ရာ အောင်မြင်မှုများ ရရှိခဲ့ကြောင်း မကြာသေးမီ သီတင်းပတ်များက ထုတ်ပြန်ခဲ့ပြီး နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်များကို ပစ်လွှတ်စမ်းသပ်ခဲ့သည်။ မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်များတွင် အချက်အလက် အမှန်နှင့် ချဲ့ကားပြောဆိုမှုများ ပါဝင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားနေသော်လည်း မြောက်ကိုရီးယားသည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် တည်ဆောက်မှု ရည်မှန်းချက်တွင် တိုးတက်မှု တဖြည်းဖြည်း ရရှိနေသည်ကိုမူ လက်ခံခဲ့ကြသည်။

မြောက်ကိုရီးယား၏ နျူကလီးယားဖြင့် ရန်စမှုများကို ရပ်ဆိုင်းစေရန်အတွက် တရုတ်က ဖိအားများပေးရန် အမေရိကန်က တိုက်တွန်းနေသည်။ တရုတ်ကမူ မမျှော်လင့်နိုင်သော အိမ်နီးချင်းနိုင်ငံ၏ တည်ငြိမ်မှုကို စိုးရိမ်နေသည်။ ၀ါရှင်တန်တွင် နှစ်ရက်ကြာ ကျင်းပမည့် နျူကလီးယား ဘေးကင်းလုံခြုံရေး ထိပ်သီးသည် ရှက်စရာကောင်းသော သူတော်ကောင်း ဟန်ဆောင်သည့် လုပ်ရပ်ဖြစ်သည်ဟု မြောက်ကိုရီးယားက တံဆိပ်ကပ်ခဲ့သည်။ မြောက်ကိုရီးယားကို ပိတ်ဆို့ အရေးယူမှုများ တိုးမြှင့်နိုင်ရန်အတွက် နည်းလမ်းတစ်ခုအဖြစ်နှင့် မြောက်ကိုရီးယားက နျူကလီးယား လက်နက်များ ပိုင်ဆိုင်ခွင့်ရှိသည့် တရားဝင်ဖြစ်မှုကို အပြစ်ရှာရန်အတွက် အမေရိကန်နှင့် တောင်ကိုရီးယား ရုပ်သေးအဖွဲ့က ယင်းထိပ်သီးကို အသုံးချနေသည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment