Thursday, March 24, 2016

သင်္ကြန်ကာလ ဦးပိန်တံတားသို့ တစ်ရက်လျှင် သုံးသိန်းနီးပါး လာရောက်ခြင်းကြောင့် တံတားကြံ့ခိုင်မှုအရ ယခုနှစ် သင်္ကြန်တွင် ဖြတ်သန်းသွားလာခွင့် စဉ်းစားမည်


နှစ်စဉ်သင်္ကြန်ကာလ၌ တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ အပူရှောင် နားခိုလည်ပတ်သူ တစ်ရက်လျှင်ဦးရေ သုံးသိန်းနီးပါး ရှိခြင်းကြောင့် လက်တလော တံတားကြံ့ခိုင်မှုအရ ယခုနှစ်သင်္ကြန်တွင်း ဖြတ်သန်းသွားလာခွင့်အား ညှိနှိုင်းစဉ်းစား တင်ပြသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးမြင့်ကြူက ပြောကြားသည်။

“ဦးပိန်တံတားကြီးကို အကြီးစား ပြင်ဆင်ဖို့အတွက် မကြာမီ စလုပ်တော့မှာပါ။ အရေးပေါ် အနေနဲ့ သင်္ကြန်တွင်းကို စဉ်းစားရမယ်။ ဘာဖြစ်လို့လဲဆိုရင် သင်္ကြန်တွင်းကာလမှာ ဦးပိန်တံတားကို လာရောက်တဲ့သူ တစ်နေ့ကို နှစ်သိန်းအထက် သုံးသိန်းကြားရှိတယ်။ လူပေါင်းသုံးသိန်းလောက်က ဦးပိန်တံတားမှာ လာပြီးပျော်နေကြတာ ဖြစ်တဲ့အတွက် သူတို့အတွက်လည်း ထည့်စဉ်းစားရမှာပါ။ ဒါ့ကြောင့် ဒီနှစ်သင်္ကြန်တွင်းမှာ ဖြတ်သန်းသွားလာခွင့်ကို ပိတ်မလား၊ ဖွင့်မလားဆိုတာကတော့ ပြည်သူလူထုနဲ့လည်း သက်ဆိုင်တယ်။ နောက်ပြီး အစိုးရမူနဲ့ ဆိုင်တဲ့အတွက် တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်ချက်နဲ့ လုပ်လို့မရပါဘူး။ အားလုံးရဲ့ အကြံဥာဏ်တွေကို ယူပြီးတော့ အစိုးရ အဖွဲ့ကို တင်ပြသွားရမှာပါ။ နောက်တက်လာမယ့် အစိုးရအဖွဲ့ကိုလည်း  အစည်းအဝေး မှတ်တမ်းနဲ့ အကြံပြုခဲ့မှာပါ။ ဒါနဲ့ ပတ်သက်ပြီး ပြည်သူက ဘယ်လိုရှိတယ်။ ပညာရှင်တွေကတော့ ဒီလိုပြောတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့က ဒီလိုယူဆတယ်ဆိုတဲ့ မှတ်တမ်းတွေကို လွှဲပြောင်းပေးခဲ့မှာပါ” ဟု ဦးမြင့်ကြူက ပြောကြားသည်။

ဦးပိန်တံတား အကြီးစား ပြုပြင်မှုလုပ်ငန်း မစတင်မီ ယခုရက်ပိုင်းအတွင်း သင်္ကြန်ကာလအမီ တံတားတစ်လျှောက် ယိုယွင်းပျက်စီးမှု များပြားပြီး အန္တရာယ်ရှိသည့် တံတားအခန်းများအား ကနဦး ရွေးချယ်ကာ သင်္ကြန်ကာလအတွင်း တစ်စုံတစ်ရာ ယိုယွင်းပျက်စီး၍ လာရောက် လည်ပတ်သူများ အန္တရာယ် မဖြစ်ပေါ်စေရန်အတွက် စတင်ပြုပြင်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဦးပိန်တံတား ပြုပြင်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပညာရှင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးပြီး အကြံပြုချက်ရယူထားတာ ရှိပါတယ်။ ရေရှည်လုပ်သွားရမှာဖြစ်ပြီး လောလောဆယ်မှာတော့ သင်္ကြန်အမီတံတားကို ယိမ်းယိုင်နေတဲ့ နေရာတွေ ဦးစားပေးပြင်ဆင်မှု ပြုလုပ်သွားမှာပါ။ ပြင်တဲ့အခါမှာလည်း တိုင်တွေရဲ့ အစိတ်အပိုင်းတွေကို ကောင်းသလောက်ယူပြီး အစားထိုးမယ့် တိုင်တွေနဲ့ဆက်ပြီး ပြုလုပ်တာတို့ တိုင်လုံးလိုက် အစားထိုးတဲ့ အခါမှာလည်း တိုင်ဟောင်းနားမှာ တိုင်အသစ်တွေကပ်ပြီး အစားထိုး ပြုလုပ်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ရှေးဟောင်းသုတေသန ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးလွင်က ပြောကြားသည်။

ဦးပိန်တံတား အကြီးစား ပြုပြင်မှုအတွက် လိုအပ်သည့် ကျွန်းသစ်တိုင်လုံးများကို Myanmar Teak Wood Industries ကုမ္ပဏီမှ လှူဒါန်းခြင်းနှင့်အတူ ပြုပြင်တည်ဆောက်ရေးအတွက် အင်းလေးဒေသမှ တိုင်းရင်းသား လက်သမား ပညာရှင်များဖြင့် ပါဝင်ကူညီသွားမည် ဖြစ်ကြောင်း၊ ရှေးဟောင်းသုတေသနဌာန၏ ကနဦး လေ့လာစစ်ဆေးမှုများအရ အစားထိုး ပြင်ဆင်ရမည့် ကျွန်းတိုင်အလုံး တစ်ရာကျော်ရှိပြီး ကုန်ကျစရိတ်နှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရထံသို့ ကျပ်သိန်းပေါင်း ၂၂၇၀ တင်ပြ တောင်းခံထားရှိကြောင်း သိရသည်။

အမရပူရမြို့ တောင်သမန် ဦးပိန်တံတား ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း အစီအစဉ်နှင့် ပတ်သက်၍ မတ် ၂၂ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဗိသုကာ ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ပုဂ္ဂိုလ်များ၊ မြန်မာမှု ဦးအေးမြင့်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ၊ ဦးပိန်တံတား ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များ၊ အင်းလေးဒေသမှ လက်သမား ပညာရှင်များ၊ သစ်သားကျွန်းတိုင်များနှင့် ပတ်သက်၍ တတ်သိ နားလည်သူများ စုပေါင်းကာ အကြီးစားရေရှည် ထိန်းသိမ်းရေးအတွက် ဘက်ပေါင်းစုံမှ အမြင်များအား အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ 
Credit To >>>Eleven Media Group

0 comments:

Post a Comment