Thursday, March 31, 2016

၂ဝ၁၆ ခုနှစ် ဧပြီလ ပထမ(၁ဝ)ရက်ပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် အသင့်အတင့်ဖြစ်ထွန်းနိုင်သည်။

မိုးအခြေအနေနှင့် မိုးရွာရက်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲ အောက်လျော့နည်းကာ ရွာနိုင်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ခြောက်ရက်မှ ရှစ်ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် သုံးရက်မှ ငါးရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နှစ်ရက်ခန့် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။
နေ့အပူချိန်အခြေအနေ
နေ့အပူချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ဧပြီလ ပထမ(၁ဝ)ရက်ပတ်၏ ပျမ်းမျှအပူချိန်ခန့်သာရှိပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ ပထမ(၁ဝ)ရက်ပတ်၏ ပျမ်းမျှအပူချိန်တို့ထက် ပိုနိုင်သည်။
မြစ်ရေအခြေအနေ
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော် မြို့နှင့် ကသာမြို့တို့တွင် နှစ်ပေမှ သုံးပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့ တို့တွင် တစ်ပေမှ နှစ်ပေခန့်နှင့် အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့ တို့တွင် ပေဝက်မှ တစ်ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့ နှင့် ဖောင်းပြင်မြို့တို့တွင် တစ်ပေမှ နှစ်ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့နှင့် မုံရွာ မြို့တို့တွင် ပေဝက်မှ တစ်ပေခန့် လက်ရှိရေမှတ်များ၏အထက် မြင့်တက်နိုင်သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment