Wednesday, February 3, 2016

အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်အား ဦးလှဆွေက အသရေဖျက်မှု၊ မဲမသမာမှုများဖြင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှု ယနေ့ ထပ်မံစစ်ဆေးမည်


မကွေးတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) တွင် အနိုင်ရရှိခဲ့သည့် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်အား ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဦးလှဆွေက အသရေဖျက်မှု၊ မဲမသမာမှုတို့ဖြင့် ကန့်ကွက်ခဲ့သည့် အမှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၌ ဖေဖော်ဝါရီ ၃ ရက် (ယနေ့) တွင် တတိယ အကြိမ်မြောက် ဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့စစ်ဆေးမည့် တတိယအကြိမ်မြောက် စစ်ဆေးမှုကို ကန့်ကွက်လွှာ တင်သွင်းခံရသူ ဦးပြူးလွင် အနေဖြင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကျမ်းသစ္စာ ကျိန်ဆိုမှု၊ လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်ရန် မဲပေးမှုများ ရှိနေ၍ တက်ရောက်နိုင်မည် မဟုတ်ဘဲ ကိုယ်စားလွှဲထားကြောင်း ဦးပြူးလွင်၏ ပြောကြားချက်အရ သိရသည်။

"ရုံးချိန်းရှိပေမယ့် အမျိုးသား လွှတ်တော်မှာက ကျမ်းကျိန်မှာရော၊ မဲပေးရမှာရော ရှိနေတာကြောင့် ခွင့်မရလို့ ရုံးချိန်းတက်ဖို့ ကိုယ်စားလွှဲထားပါတယ်။ ပျဉ်းမနားက အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဦး ခင်မောင်ကျော်ကို လွှဲထားပါတယ်" ဟု ဦးပြူးလွင်က ပြောကြားသည်။

ဦးလှဆွေ၏ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇန်န၀ါရီ ၁ ရက်တွင် ခုံရုံးဖွဲ့ စတင်စစ်ဆေးခဲ့ပြီး ကန့်ကွက်လွှာနှင့် ကန့်ကွက်ခံရသူ၏ ချေပလွှာ တင်ပြခဲ့ပြီးနောက် ဇန်န၀ါရီ ၁၅ ရက် ဒုတိယအကြိမ်မြောက် ရုံးချိန်းတွင် ဦးလှဆွေက ကန့်ကွက်လွှာ ပြင်ဆင်ရန် လျှောက်ထားခဲ့ကြောင်း၊ ထိုသို့ ပြင်ဆင်ရန် လျှောက်ထားခြင်းကို ဦးပြူးလွင်က ကန့်ကွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂)တွင် ဦးပြူးလွင်က ခိုင်လုံမဲ ၁၀၈၉၀၅ ရရှိပြီး ဦးလှဆွေက ၃၇၁၁၃ မဲသာရရှိကာ မဲခုနစ်သောင်းကျော် အသာဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကန့်ကွက်လွှာ အမှုတင်သွင်းခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ဥပဒေတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲက လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့် နေ့မှစ၍ ရက်ပေါင်း ၄၅ ရက်အတွင်း လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူအား ယှဉ်ပြိုင်အရွေးခံသော မည်သည့် ကိုယ်စားလှယ်လောင်းကမဆို သို့မဟုတ် မည်သည့် မဲဆန္ဒရှင်ကမဆို ဆီလျော်သော အကြောင်းပြချက်များကို ဖော်ပြပြီး ကော်မရှင်သို့ ကိုယ်တိုင် သို့မဟုတ် စာဖြင့် အခွင့်အာဏာ လွှဲအပ်ထားသော ကိုယ်စားလှယ်က အမှုကုန် ကျစရိတ် ငွေကျပ် ငါးသိန်းပေးသွင်း၍ ကန့်ကွက်လွှာ တင်သွင်းနိုင်ကြောင်း သိရသည်။

အဆိုပါ ကန့်ကွက်လွှာ တင်သွင်းတိုင်ကြားမှုကို ရွေးကောက်ပွဲ ခုံအဖွဲ့ ဖွဲ့စည်း စစ်ဆေးရာတွင် တရားမဲ့ ပြုကျင့်မှုများ အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း တွေ့ရှိလျှင် ၎င်းအား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲ ဥပဒေတွင် ဖော်ပြထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှု တင်သွင်းမှု ၂၈ မှုရှိခဲ့ပြီး ကန့်ကွက်လွှာ အနိုင်ရမှု ငါးမှုသာ ရှိခဲ့သည်။ အလားတူ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှု တင်သွင်းမှု လေးမှုရှိခဲ့ပြီး အနိုင်ရရှိမှု တစ်မှုမျှ မရှိခဲ့ကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment