Wednesday, February 3, 2016

သီလ၀ါ အထူးစီးပွားရေးဇုန်၌ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက် တည်ဆောက်မှု လက်ရှိတွင် ၈၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး မတ်လ ဒုတိယပတ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် သဘာဝဓာတ်ငွေ့သုံး တာဘိုင်စက် တည်ဆောက်နေမှုမှာ လက်ရှိအချိန်၌ ၈၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကာ လာမည့်မတ်လ ဒုတိယပတ်အတွင်း ဓာတ်အား စတင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းကို ဂျပန်နိုင်ငံ JICA ၏ အကူအညီဖြင့် ဆောင်ရွက်နေသော စီမံကိန်းဖြစ်ကြောင်း သိရသည်။


အဆိုပါစီမံကိန်းတွင် ပါဝင်သော ဓာတ်ငွေ့သုံး ဓာတ်အားပေးစက် (Gas Turbine) ၂၅ မဂ္ဂါဝပ် နှစ်လုံးကို ဂျပန်နိုင်ငံ MHPS (Mitsubishi Hitachi Power Station) ကုမ္ပဏီက ထုတ်လုပ်ထားပြီး Generator ကို နယ်သာလန်နိုင်ငံ Brush ကုမ္ပဏီက ထုတ်လုပ်သော အမျိုးအစားများဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စီမံကိန်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်ထိ စီမံကိန်းတစ်ခုလုံး၏ လုပ်ငန်းများ အကောင်အထည်ဖော် ပြီးစီးမှုမှာ ၇၈ ရာခိုင်နှုန်းနှင့် အမှတ် (၁) တာဘိုင်စက် တပ်ဆင်ပြီးစီးမှုမှာ ၈၆ ရာခိုင်နှုန်း ပြီးစီးနေကြောင်း ဖော်ပြထားသည်။


ထို့ပြင် လက်မ ၂၀ ရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း မိုင် ၂၀ တည်ဆောက်မှု လုပ်ငန်းမှာလည်း ၉၉ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ သဘာဝဓာတ်ငွေ့ တာဘိုင်စက်များ တည်ဆောက် တပ်ဆင်မှုလုပ်ငန်းကို ဂျပန်နိုင်ငံ Sumitomo Corporation က နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးလျက်ရှိပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့်မူ အမှတ် (၁) တာဘိုင်စက်အား ယခုနှစ် မတ်လ ဒုတိယပတ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


“Power နဲ့ပတ်သက်ပြီး အစိုးရဆီကနေ မဂ္ဂါဝပ် ၂၀ ရထားတယ်။ ကျွန်တော်တို့ SEZ ရဲ့ မျက်စောင်းထိုးမှာ မဂ္ဂါဝပ် ၅၀ Gas Fire Plan တည်ဆောက်နေတယ်။ တည်ဆောက်နေတာက ဂျပန်ကနေ တည်ဆောက်နေတာ။ JICA Loan နဲ့ တည်ဆောက်နေတာပါ။ ပြီးရင် မြန်မာ့လျှပ်စစ်ဓာတ်အားကို ပြန်ပြီး တွဲပေးမှာ။ အစိုးရကိုလွှဲပေးမှာ။ သူက Thilawa SEZ အတွက် Backup Generator လို့လည်း ပြောပါတယ်။ သူ့ဆီက မဂ္ဂါဝပ် ၅၀ ရမှာပါ။ အဲဒါက ၂၀၁၆ နှစ်လယ်လောက်မှာ ပြီးပါမယ်”ဟု သီလ၀ါ အထူးစီးပွားရေးဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


အဆိုပါ မဂ္ဂါဝပ် ၅၀ ရှိ သဘာဝဓာတ် ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက် တပ်ဆင်ပြီးစီးပြီး ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပါက သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ စက်မှုလက်မှု လုပ်ငန်းများသို ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်မည့်အပြင် ရန်ကုန်တိုင်း ဒေသကြီးသို့လည်း ဓာတ်အား ထပ်မံ ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရ သိရှိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment