Friday, February 5, 2016

သမ္မတ ရွေးချယ်ရန် အချိန်ပေးထားမှုသည် မတ်လအထိ ပေးထားကြောင်းနှင့် အချိန်တန်ပါက ပြောမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


သမ္မတ ရွေးချယ်ရန် အချိန်ပေးထားမှုသည် မတ်လအထိ ပေးထားကြောင်းနှင့် အချိန်တန်ပါက ပြောမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားသည်။

ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်၌ ပုံမှန် သတင်းယူနေသည့် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ကာ လွှတ်တော်တွင် သတင်းနှင့် ဓာတ်ပုံများ ရယူရာတွင် တွေ့ကြုံရသည့် နှစ်ဖက် အခက်အခဲများအား မီဒီယာများနှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “သမ္မတ ရွေးချယ်ဖို့ကတော့ သူတို့ပေးထားတာက မတ်လအထိဆိုတော့ အချိန်ပေးထားပါတယ်။ သိပ်ပြီး အမောခံမနေနဲ့။ အချိန်တန်ရင် ပြောမှာပါ။ အစိုးရ ဖွဲ့စည်းရေးကလည်း အချိန် မကျသေးပါဘူး” ဟု မီဒီယာများအား ပြောကြားသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်မှုအတွက် ကျေနပ်မိကြောင်း၊ ကန့်ကွက်သူ မရှိသည့်အတွက် အခြားပါတီများနှင့် တပ်မတော်သား ကိုယ်စားလှယ်များကို ကျေးဇူးတင်ကြောင်း မီဒီယာများအား ပြောကြားသည်။

“လွှတ်တော်ဥက္ကဋ္ဌများအား ရွေးချယ်ရာတွင် ပြည်ထောင်စုအသွင်၊ အမျိုးသား ရင်ကြားစေ့ရေး အသွင်ဆောင်စေချင်တယ်။ အခု ရွေးလိုက်တဲ့ သူတွေက အဲဒီအသွင်ဆောင်တယ်လို့ မြင်တယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်တာကတော့ ဘာမှ အံ့အားသင့်စရာ မဟုတ်ပါဘူး။ လွှတ်တော် အတွေ့အကြုံလည်း သုံးနှစ်လောက် ရှိနေပြီ။ အန်တီတို့ ပါတီရဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်တယ်။ ဥပဒေသမား တစ်ယောက်လည်း ဖြစ်တယ်။ ဒုတိယဥက္ကဋ္ဌ နေရာကို ဦးတီခွန်မြတ်ကို ဘာလို့ အဆိုပြုလဲဆိုတော့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒုတိယ အများဆုံး ဖြစ်တယ်။ အဲဒီ ပါတီက ကိုယ်စားလှယ် တစ်ယောက်လည်း ဖြစ်စေချင်တယ်။ တိုင်းရင်းသား တစ်ယောက်လည်း ဖြစ်စေချင်တယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေလည်း ပါစေချင်လို့။ ဒါမှ လွှတ်တော်က ပြည်ထောင်စုအသွင် ဆောင်မှာပေါ့။ ဦးတီခွန်မြတ်က အစကတည်းက ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌဆိုတော့ အရမ်းကျွမ်းကျင်တယ်။ လွှတ်တော်လုပ်ငန်း၊ စည်းမျဉ်းစည်းကမ်းတွေလည်း ကျွမ်းကျင်တယ်။ အဲဒီတော့ အင်မတန် သင့်တော်တယ်ဆိုပြီး ရွေးခဲ့တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်၍ “အမျိုးသားလွှတ်တော်ဘက်မှာ ဦးမန်းဝင်းခိုင်သန်းကို ရွေးတာကတော့ သူက တိုင်းရင်းသားလည်းဖြစ်တယ်။ ဒီမိုကရေစီ အရေးကိုလည်း ထိထိရောက်ရောက် လုပ်မယ်လို့ ယုံကြည်တဲ့အတွက် ရွေးခဲ့တာပါ။ တိုင်းရင်းသားလည်းဖြစ်တယ်။ ဥပဒေ ပညာရှင်လည်း ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်ဖို့လည်း အင်မတန်မှ အားသန်တယ်။ ဒါကြောင့်မို့ ရွေးခဲ့တယ်။ ဒုတိယဥက္ကဋ္ဌ ရွေးချယ်ရာမှာလည်း ရခိုင်ပါတီက ဒုတိယအများဆုံး ဖြစ်တယ်။ ရခိုင်ပါတီထဲက ကိုယ်စားလှယ်တစ်ယောက်ကို ရွေးချင်တယ်။ ဦးအေးသာအောင်ဆိုတာက ရခိုင်ပါတီက ခေါင်းဆောင်တစ်ဦးသာ မကဘူး။ အန်တီတို့နဲ့ နှစ်ပေါင်းများစွာ တွဲခဲ့တဲ့ မဟာမိတ်တစ်ယောက် ဖြစ်တယ်။ အန်တီ ခဏခဏ ပြောဖူးပါတယ်။ အန်တီတို့ပါတီ တကယ့်ကို ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ အချိန်မှာ သိပ်ရုန်းကန်ခဲ့ရတဲ့ အချိန်မှာ အန်တီတို့ကို ၀န်းရံထားတာ တိုင်းရင်းသား ပါတီတွေပဲ။ ဦးအေးသာအောင်တို့၊ ဇိုမီးတို့၊ ဦးခွန်ထွန်းဦးတို့ ပါတီတွေပါတယ်။ မဟာမိတ်တွေရဲ့ ကျေးဇူးကိုလည်း မမေ့ဘူး။ အန်တီတို့ အချင်းချင်း ကြားမှာလည်း နားလည်မှုက အပြည့်အ၀ ရှိတယ်။ ဒါကြောင့်မို့ ဦးအေးသာအောင်ကို အဆိုပြု ရွေးခဲ့တာ။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ရွေးချယ်တာတွေကို ဘယ်သူကမှ မကန့်ကွက်ဘူး။ အခြားပါတီတွေကိုလည်း ကျေးဇူးတင်တယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကိုလည်း ကျေးဇူးတင်တယ်။ မကန့်ကွက်ဘဲ ပူးပေါင်းဆောင်ရွက်တဲ့ အသွင်ဆောင်တာ အရမ်း ၀မ်းသာပါတယ်” ဟု ပြောကြားသည်။

မီဒီယာ များပြားသည့်အတွက် နေရာ သတ်သတ်မှတ်မှတ် လုပ်ရမည်ဟု ထင်ကြောင်း၊ အခြားနိုင်ငံများတွင်လည်း သတ်မှတ်ကြောင်း၊ မီဒီယာဆိုကာ လာရောက်သူ များပြားနေကြောင်း၊ မီဒီယာ ဟုတ်မဟုတ် မသိနိုင်ကြောင်း၊ ကင်မရာ ကိုင်ရုံဖြင့် မီဒီယာဟု မဆိုနိုင်ကြောင်း၊ အချို့လူများအား မီဒီယာဟု မထင်ကြောင်း၊ အချို့နိုင်ငံခြားသားများ ဆိုပါကလည်း ကင်မရာကိုင်ထားပြီး ခရီးသွားလား၊ မီဒီယာလား မသိနိုင်ကြောင်း၊ ကင်မရာ ကိုင်ရုံဖြင့် မီဒီယာ မဖြစ်နိုင်ကြောင်း၊ မီဒီယာ အရမ်းများသည့်အတွက် အခက်အခဲများစွာ ရှိကြောင်း၊ ယခင်က အခုလောက် မများကြောင်း၊ လမ်းလျှောက်ရသည်ပင် အခက်အခဲများစွာ ရှိကြောင်း၊ နိုင်ငံခြား သတင်းထောက်များ ဆိုပါက နိုင်ငံခြား သတင်းထောက်များ အသင်း၏ ထောက်ခံချက်ယူရန် လိုမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် အပြန်အလှန် ဆွေးနွေးစဉ် ပြောကြားသည်။


Credit To >>> Eleven Media Group

0 comments:

Post a Comment