Wednesday, January 13, 2016

ရခိုင်စစ်ပွဲများကြောင့် မြောက်ဦး၊ ကျောက်တော်မြို့များရှိဘုရားများသို့ ဧည့်သည်အ၀င်နည်းလာ


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် မြောက်ဦး၊ ကျောက်တော်မြို့နယ်များရှိ နာမည်ကြီးဘုရား၊ ပုထိုးတော်များသို့ ဘုရားဖူးခရီးသည် ၀င်ရောက်မှုနှုန်း ဇန်န၀ါရီလအတွင်း လုံးဝကျဆင်းသွားခဲ့ကြောင်း ဘုရားဂေါပက အဖွဲ့များထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ရှေးဟောင်းဘုရားစေတီနှင့် ယဉ်ကျေးမူအမွေအနှစ်များရှိရာ မြောက်ဦးနှင့် ကျောက်တော် မြို့နယ်များသို့ ပွင့်လင်းရာသီ ဘုရားဖူးခရီးသွားဝင်ရောက်မှုမှာ ဒီဇင်ဘာ(၂၇)ရက် စ၍ အစိုးရတပ်မတော်နှင့် ရခိုင်တပ်မတော် AA တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသမတည်ငြိမ်မူများဖြစ်ပွားကာ ဘုရားဖူး ခရီးသွား ၀င်ရောက်မှုနူန်း ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပွင့်လင်းရာသီ ဘုရားဖူးဝင်ရောက်မှုက ခါတိုင်းနှစ်တွေထက် ပိုများတယ်။ တစ်ရက်ကို ၃၀၀ အနည်းဆုံးပဲ။ တနင်္ဂနွေနေ့တွေမှာ ပိုရောက်တတ်တယ်။ ဒါပေမယ့် အားလုံးကြားတဲ့အတိုင်း ဒီဖက်မှာ တိုက်ပွဲတွေဖြစ်နေတော့ ဘုရားဖူးခရီးသည် ၀င်ရောက်မှုက လုံးဝ ကျဆင်းသွားတယ်။ ဘုရားဖူးအများစုက ဒီကို လာရမှာကို
စိုးရိမ်ထိတ်လန့်တဲ့စိတ် ဖြစ်မိဟန် တူပါတယ်။” ဟု မြောက်ဦးမြို့၊ သျှစ်သောင်းဘုရားဂေါပက္ကအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်သိန်းက ပြောသည်။
မြောက်ဦးမြို့သည် နှစ်ပေါင်း ၃၅၅ နှစ်ကြာ ရှေးရခိုင်ဘုရင်များ၏ မင်းနေပြည်တော်ဖြစ်ခဲ့သည့်အတွက် သမိုင်အမွေအနှစ်ပေါများသကဲ့သို့ ကျောက်တော်မြို့နယ်တွင်လည်း ရခိုင်ပြည်နယ်၏ နာမည်အကျော်ကြားဆုံးမဟာမြတ်မုနိ ဘုရား ကိန်းဝပ်ရာနေရာဖြစ်သောကြောင့် နိုင်ငံခြားသားများနှင့် ပြည်တွင်းခရီးသွားများ စိတ်ဝင်စားမှု များပြားကြောင်း သိရသည်။
“အစိုးရတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ကတည်းက ဘုရားဖူးဧည့်သည်တွေ လုံးဝမရောက်တော့ဘူးလို့ ပြောလို့ ရတယ်။ တိုက်ပွဲဖြစ်တဲ့ ရမ်းချောင်းဆိုတာက ဒီနေရာနဲ့ နီးတယ်။ တိုက်ပွဲဖြစ်နေတုန်းဆို သေနတ်သံနဲ့ လက်နက်ကြီးသံတွေ ဒီက နေ့တိုင်းကြားရတယ်။ အခုဖြတ်သွားဖြတ်လာ ခရီးသည်တွေကိုပဲ တွေ့ရတယ်။
ဒီမှာ ဆိုင်ရောင်းချနေတဲ့ သူတွေ ဘုရားဖူးတွေမလာတော့ စီးပွားရေးအရ နစ်နာနေတယ်။ ထမင်းဆိုင်တွေဆို ချက်ထားတဲ့ ဟင်းတွေကို လွှင့်ပစ်နေရတယ်။ သူ့တို့ ထမင်းဆိုင်တွေ ပိုနစ်နာတယ်။” ဟု ကျောက်တော် မြို့နယ်ရှိ မဟာမြတ်မုနိဘုရားဝင်းရှေ့မှ ကုန်စုံဆိုင်ရှင် မချစ်စုက ပြောသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ရမ်းချောင်းတောင်တန်းတလျှောက်တွင် အစိုးရစစ်တပ်နဲ့ ရက္ခိုင့် တပ်မတော် AA တို့ကြား ဒီဇင်ဘာလ၂၇ ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ကာ လက်ရှိ တိုက်ပွဲများ ရပ်တန့် သွားသော်လည်း မင်းပြား၊မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များတွင် အစိုးရစစ်တပ်မှာ လက်နက် အပြည့်အစုံဖြင့် လုံခြုံရေး တိုးမြင့်ချထားကာ လက်ရှိအချိန်အထိ ဒေသတွင်း၌ တည်ငြိမ်မှု မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

Credit to >>> Mirror  Daily

0 comments:

Post a Comment