Saturday, December 5, 2015

မြန်မာနိုင်ငံသည် ရာသီဥတုဒဏ်အပြင်းထန်ဆုံးကြုံတွေ့ရသည့် ထိပ်ဆုံး(၃) နိုင်ငံတွင် ပါဝင်နေကြောင်း ဂျာမနီအခြေစိုက် Germanwatch ထုတ်ပြန်


  မြန်မာနိုင်ငံ သည် ရာသီဥတုဒဏ်အပြင်းထန်ဆုံး ကြုံတွေ့ရ သည့် ထိပ်ဆုံးသုံးနိုင်ငံတွင် ပါဝင်နေကြောင်း ဂျာမနီနိုင်ငံဘွန်း မြို့အခြေစိုက် သဘာဝပတ်ဝန်းကျင် ရေးရာ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Germanwatch မှ ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ၊ ဟွန်ဒူးရပ်စ်နိုင်ငံ နှင့် ဟေတီနိုင်ငံတို့အနေဖြင့် ၁၉၉၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်များအတွင်း ကမ္ဘာ့ နိုင်ငံများ၏ ရာသီဥတု အပြင်းထန် ဆုံးကြုံတွေ့ရသည့် ထိပ်ဆုံးနိုင်ငံများ အဖြစ် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ ယခုနှစ် ပဲရစ်တွင် ကျင်းပနေသည့် ရာသီဥတု ညီလာခံမှ စာရင်းဇယား များကို ကိုးကားပြီး ထုတ်ပြန်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး မိုးလေဝ သနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်က '' Germanwatch က ဒီလိုထုတ်ပြန်ချက် ကို လေးနှစ်ဆက် တိုက် ထုတ်ပြန်တာမှာ မြန်မာပြည် က လေးနှစ်ဆက်တိုက်လည်း အဆိုး ရွားဆုံးထဲမှာ ဆက်တိုက်ပါနေတယ်။ ဒါ့အပြင် ဒီနှစ်မှာ မြန်မာနိုင်ငံက အယ်လ်နီညို အမြင့်ဆုံးနှစ်တစ်နှစ် လည်းဖြစ်နေတော့ ပိုပြီးသတိပြုရမယ့် အခြေအနေပါပဲ။ ဒါနဲ့ပတ်သက်ပြီး ဘာတွေလုပ်ရမလဲဆိုရင် လုပ်ရမှာ တွေ က အများကြီးရှိတယ်။ ပြောလို့ မကုန်နိုင်ဘူး။ ဒီလို ရာသီဆိုးရွားမှု တွေ ကြုံကြိုက်နေရတာနဲ့ပတ်သက် ပြီး ဘယ်အစိုးရပဲတက်တက် လုပ် ဆောင်ပေး ရမယ့် တာဝန်ရှိတယ်။ အ ခုတက်မယ့်အစိုးရအနေနဲ့လည်း ဒီ ကိစ္စကို အရေးကြီးကိစ္စတစ်ခုနေနဲ့ ထည့်သွင်းစဉ်းစားလုပ်ဆောင်သွား ကြဖို့ တိုက် တွန်းချင်တယ်''ဟုပြောသည်။
၂၀၁၆ ခုနှစ် ကမ္ဘာ့ရာသီဥတု ဆိုင်ရာ အန္တရာယ်ညွှန်းကိန်းအရ မြန်မာ၊ ဟွန်းဒူးရပ်စ်နှင့် ဟေတီတို့ သည် အပြင်းထန်ဆုံးခံ ရသည့် ထိပ် ဆုံးနိုင်ငံများဖြစ်ပြီး၊ ယင်းသုံးနိုင်ငံပြီး လျှင် ဖိလစ်ပိုင်၊ နီကာရာကွာ၊ ဘင်္ဂ လားဒေ့ရှ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ထိုင်းနှင့် ဂွါတီမာလာနိုင်ငံတို့သည် လည်း ရာသီဥတုအဆိုးရွားဆုံးကို ကြုံတွေ့နေရကြောင်း၊ ယင်းအပြင် ဆာဘီးယား၊ အာဖဂန်နစ္စတန်၊ ဘော့ စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံတို့ သည်လည်း ၂၀၁၄ ခုနှစ်ထက် ရာ သီဥတုပြင်းထန်မှုကို ခံစားနေရကြောင်း၊ အနှစ် ၂၀ အတွင်း မုန်တိုင်း၊ ရေကြီး ရေလျှံ၊ မြေပြိုမှု၊ မိုးခေါင်ရေရှားမှုတို့ ကို ကြုံတွေ့နေကြရကြောင်း ထုတ် ပြန်ချက်တွင် ရေးသားဖော်ပြသည်။
''မိုးသည်းထန်ခြင်းနဲ့ ရေကြီး ခြင်း၊မြေပြိုခြင်းတွေက ကမ္ဘာအနှံ့မှာ ကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တ ရာယ်တွေဖြစ်ကြ တယ်''ဟု Germanwatch မှ ကမ္ဘာလုံးဆိုင်ရာ ရာသီ ဥတုပေါ်လစီရေးဆွဲရေးနှင့် အဖွဲ့ခေါင်း ဆောင်သုတေသီက ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ် ငန်း များဆောင်ရွက်နေသူ ဦးစည်သူ လွင်က ''ရာသီဥတုပြောင်း လဲတဲ့ဒဏ် ကတော့ ရှောင်လွှဲလို့မရတဲ့ပြဿနာ၊ ရှေ့မှာလည်းမှားခဲ့ပြီးပြီ။ အဲဒီမှားခဲ့ တာတွေကို အခုစုပြုံပြီးခံနေရ တာ။ စောင့်ကြည့် တဲ့အဖွဲ့တွေက လည်း စောင့်ကြည့်ပြီး ဒေသဆိုင်ရာတာဝန် ရှိသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့ အစည်းတွေ ကလည်း အကောင်း ဆုံးနည်းနဲ့ ကြိုတင်လုပ် ကိုင်သင့်တယ်။ မဟုတ်ရင် မလိုအပ် ဘဲ ပျက်စီး ဆုံးရှုံးမှုတွေများသွား မယ်။ ဥပမာဂျပန်ဆိုရင်လည်း သိပ် မကြာခင် ကပဲ ရေကြီးရေလျှံဖြစ်တယ်။ ဒါပေမဲ့ ဟက်စကီးတွေနဲ့ ချက်ချင်း ကယ်ဆယ်ရေးတွေ လုပ်နိုင်တယ်။ ဒီ လိုပဲ ကိုယ့်နိုင်ငံမှာလည်း အရေးပေါ် လုပ်ငန်းတွေမှာအသုံးပြုဖို့ ငွေတွေ ကို ဘယ်လိုလုပ် ထားမယ်ဆိုတာမျိုး ကို နိုင်ငံတော်အဆင့် လုပ်ထားသင့် တယ်။ အဓိကပြောချင်တာကတော့ ကြိုတင်ပြင် ဆင်မှုကို ခိုင်ခိုင်မာမာနဲ့ ချက်ချင်းဆိုမှ ချက်ချင်း အရေး တကြီး ဆောင်ရွက်နိုင်အောင် နိုင်ငံတော်အ ဆင့်သတ် မှတ်ပြီးလုပ်ရမယ်လို့ တိုက် တွန်းပြောချင် ပါတယ်'' ဟုပြောသည်။
ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက် တွဲပြဿနာများသည် ရှောင်လွှဲ၍မရ နိုင်ကြောင်း၊ သို့သော် ချမ်းသာသော နိုင်ငံများထက် ဆင်းရဲသည့်နိုင်ငံများ တွင် ပိုမိုခံရကြောင်း၊ မြန်မာနိုင်ငံကဲ့ သို့သောနိုင်ငံဆိုရင် နောက် ဆက် တွဲ ပြဿ နာများကို မြန်မာနိုင်ငံကခံရ မည်ဖြစ်ကြောင်း၊ ချမ်းသာတဲ့နိုင်ငံ တွင် သဘာဝ ဘေးအန္တရာယ်ဖြစ်လာ ပါက မည်ကဲ့သို့ဆောင်ရွက်သွားမည် ဆိုသည်ကို ကြိုတင်ပြင်ဆင်ထားကြ ပြီး ယင်းတို့၏ လူနေမှုဘဝနှင့် တိုက် တာအဆောက် အအုံများမှာ လည်း ကောင်းမွန်ခြင်းကြောင့် သဘာဝဘေး ခံရမှုကို ကြိုတင် ကာကွယ်နိုင်မည်ဖြစ် ကြောင်း၊ သို့သော် မြန်မာနိုင်ငံ အနေ ဖြင့် သန်းခေါင် စာရင်းအရဆိုလျှင် လူဦးရေ ၁၀ သန်းကျော်တွင် ၈၀ ရာ ခိုင်နှုန်းကျော်သော သူများသည် ဓနိ၊ ဝါး၊ သက်ငယ်များနှင့် နေထိုင်နေ ရ ခြင်းကြောင့် မုန်တိုင်းနှင့်ရေကြီးရေ လျှံ အစရှိသည့် သဘာဝဘေး အန္တရာယ် မျိုးဖြစ်လာ ပါ က ပိုမိုခံရနိုင်ခြင်းကြောင့် ရှောင်လွှဲ ၍မရနိုင်သည့် သဘာဝဘေး အန္တရာယ်များအတွက် ကြိုတင်ပြင် ဆင်ထားခြင်းသာလျှင် အရေးကြီး ဆုံး ဖြစ်ကြောင်း ယင်းက အကြံပြုပြော ကြားသည်။

Credit To .>>> Democracy News 

0 comments:

Post a Comment