Friday, December 11, 2015

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေနှင့်တွေ့ဆုံဆွေးနွေးမှု တိုင်းပြည်အတွက် အကျိုးရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ယခင်စစ်အစိုးရခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့ရာတွင် နိုင်ငံအတွက် အကျိုးရှိမည့် သဘောတူညီချက်များရရှိခဲ့ခြင်းသည် ကြီးမားသော အကျိုးပင်ဖြစ်ကြောင်း ရွေးကောက်ပွဲအနိုင် ရပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်က အမေ ရိကန်အခြေစိုက် လွတ်လပ်သော အာရှအသံ (RFA)အသံလွှင့်ဌာနမှ နှစ်ပတ်တစ်ကြိမ် ပုံမှတ်ထုတ်လွှင့်သည့် ‘ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်’ အစီအစဉ်တွင် ဒီဇင်ဘာ ၄ ရက် ဦးသန်းရွှေနှင့်တွေ့ဆုံမှုဆိုင်ရာကိစ္စရပ်ကိုပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘နိုင်ငံ့အကျိုးအတွက် သဘောတူညီမှုယူနိုင်တယ်ဆိုတာ ကြီးမားတဲ့အကျိုးပဲလေ’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။
အဆိုပါတွေ့ဆုံမှုနှင့် ပတ် သက်၍ RFA ကမေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ်ဖြေကြားခဲ့ခြင်းမရှိဘဲ ယေဘုယျကျသည့်အဖြေများသာ ဖြေကြားခဲ့သည်။
‘‘အစ်မကတော့ အတိတ်ကို ပြန်ပြီးတော့ နောက်ကြောင်းလှန် ပြီး ဘာကြောင့်၊ ဘယ်တုန်းက ဘယ်လိုမလုပ်ခဲ့ရတာလဲ။ ဒါတွေ ကို သိပ်ပြီးစဉ်းစားရမယ့်အချိန် မဟုတ်ဘူးလို့ထင်တယ်။ အခုဟာ က ပစ္စုပ္ပန်ကိုအကောင်းဆုံးဖြစ် အောင်လုပ်ဖို့ ဘယ်လိုပိုပြီး ကောင်းအောင်လုပ်မလဲ။ ဒီပစ္စုပ္ပန်ကနေ အနာဂတ်ကို ဘယ်လို ဦးတည်သွားမလဲ။ ဒါတွေကို အစ်မတို့က အဓိကထားပြီးစဉ်းစားရမယ်’’ဟု ၎င်းကဆက်လက်ပြော ကြားသည်။
ရွေးကောက်ပွဲတွင် တရား ဝင်အနိုင်ရရှိခဲ့ပြီးနောက် မြန်မာ ပြည်၏အနာဂတ်ခေါင်းဆောင် သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ် လာမည်မှာ အားလုံးလက်ခံရမည့် အမှန်တရားပင်ဖြစ်သည်။ ၎င်း အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အမှန်တကယ် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက မိမိအနေဖြင့် တတ်နိုင်သည့်ဘက် မှ အစွမ်းကုန်ပံ့ပိုးကူညီမည်ဟု ဦးသန်းရွှေကပြောကြားခဲ့ကြောင်းအငြိမ်းစားဗိုလ်ချုပ်မှူးကြီး၏မြေးနေရွှေသွေးအောင်က ၎င်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ဒီဇင်ဘာ ၅ ရက်ကရေးသားခဲ့သည်။
ယင်းထုတ်ပြန်ချက်နှင့်ပတ် သက်၍လည်း ဦးသန်းရွှေက ထိုကဲ့ သို့အမှန်တကယ်ပြောကြားခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းမှုအပေါ် ထုတ် ပြန်ချက်ရေးသားသူကိုသာ မေး မြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။
‘‘သဘောတူညီချက်ဆိုတဲ့ နေရာမှာတော့ ဦးသန်းရွှေပြော တယ်လို့ပြောသွားတဲ့အချက်တွေ ကို ရည်ညွှန်းတယ်လို့ထင်တယ်။ သီးသန့်သဘောတူညီမှုတွေရ တယ်လို့တော့မထင်ပါဘူး။ ဦး သန်းရွှေက လက်ရှိခေါင်းဆောင် လည်းမဟုတ်တော့ တိကျတဲ့ သဘောတူညီချက်တွေကိုတော့ ပေးနိုင်မှာမဟုတ်ဘူး။ အခြေခံ ဥပဒေပြင်ဖို့တွေ ဘာတွေသဘော တူနိုင်မှာမဟုတ်ဘူး’’ဟု နိုင်ငံရေး လေ့လာသုံးသပ်ချက်ဆောင်းပါး များရေးသားသည့် ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကပြော သည်။
နိုင်ငံတော်သမ္မတ၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နှင့် သီးသန့်တွေ့ဆုံဆွေးနွေးခြင်း သည် ပထမအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ယခုတွေ့ဆုံမှုကို ကျေနပ်သော်လည်း ဆက်လက်၍ တွေ့ဆုံမှုများ ပြုလုပ်ရမည်ဖြစ်ကာ တစ်ဆင့်ချင်းသွားရန်လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နိုဝင်ဘာ ၂ ရက်တွင် နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံရာ၌ တာဝန် လွှဲပြောင်းပေးရေးကိစ္စနှင့် ပတ် သက်၍ အကြမ်းဖျင်းဆွေးနွေးခဲ့ ပြီး အသေးစိတ်အချက်အလက် များကိုမူ ဆွေးနွေးမှုမပြုရသေး ကြောင်း ၎င်းကဆိုသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံမှုတွင်လည်း အာဏာလွှဲပြောင်းရေးကိစ္စများ အဆင်ပြေချောမွေ့ရေး၊ တည် ငြိမ်အေးချမ်းရေး စသည့်အချက် နှစ်ချက်သည် လက်ငင်းဆောင် ရွက်ရမည့်ကိစ္စများဖြစ်သည်ဟု ဆွေးနွေးခဲ့ကြောင်းပြောသည်။
ထို့ပြင် လက်ရှိတပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပေါ် မည်ကဲ့သို့ သုံးသပ်ပါသနည်းဟူ သော မေးမြန်းမှုကို ‘‘ဒီလိုသာ မန်စကားပြောရုံနဲ့တော့ ဘယ်လို ပုဂ္ဂိုလ်၊ ဘယ်လိုပုဂ္ဂိုလ်ဆိုတာ ဘယ်သူ့ကိုမှ ဒီလိုဆုံးဖြတ်ချက် မချသင့်ပါဘူး။ အဲဒီလိုချမယ်ဆိုရင်တော့ သိပ်ပြီးမြန်လွန်းတယ်။ အပေါ်ယံကြောလေးပဲဖြစ်မှာပေါ့’’ဟု ပြန်လည်ဖြေကြားခဲ့သည်။
အကူးအပြောင်းကာလဖြစ် သော ရွေးကောက်ပွဲအပြီး လက် ရှိအချိန်တွင် ဆောင်ရွက်နေရ သော လုပ်ဆောင်ဖွယ်ရာကိစ္စရပ် များနှင့်ပတ်သက်၍ ယခုအထိ ချောမွေ့လျက်ရှိကာ လက်ရှိလုပ် ဆောင်ချက်များသည် အမြည်း သဘောသာဖြစ်၍ ရှေ့တွင်လုပ် ဆောင်စရာကိစ္စရပ် များစွာရှိနေ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်သည်။
ယင်းအပြင် အမှိုက်ပုံးများ အလုံအလောက်မရှိသည့်တိုင် တွေ့ရာနေရာ၌ အမှိုက်စွန့်ပစ်ခြင်းကို ရှောင်ရှားသင့်ပြီး အမှိုက်ပုံးရှိ သည့်နေရာတွင်မှ အမှိုက်စွန့်ပစ် ခြင်းအလေ့အထကိုလုပ်ဆောင် ရန်လိုကြောင်း ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။
ရွေးကောက်ပွဲအပြီး လုပ် ဆောင်ခဲ့သော တွေ့ဆုံဆွေးနွေးမှု များနှင့်ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်ဘက်က မည်သည့် မီဒီယာကိုမျှ ထုတ်ဖော်ပြောကြား ခြင်းမပြုသေးဘဲ RFA အသံလွှင့်ဌာန၏ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်သည့် ‘ဒီမိုကရေစီ ခရီးကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်’၌သာ ပထမဆုံးအကြိမ်ပြောကြားခဲ့ခြင်းဖြစ်သည်။
Credit To >>> 7Day News

0 comments:

Post a Comment