Friday, December 11, 2015

ယခင်အစိုးရလက်ထက်တွင် တရုတ်နှင့် ထိုင်းနိုင်ငံသို့ နှစ် ၂၀ သက်တမ်းစာချုပ်ဖြင့် သဘာဝဓာတ်ငွေ့ရောင်းချခြင်းမှ တစ်လလျှင် ဒေါ်လာသန်း ၁၈၀ ခန့် ၀င်ငွေရရှိဟု လက်ထောက်အတွင်းဝန် ပြောကြား


ယခင်အစိုးရလက်ထက်တွင် တရုတ် နှင့် ထိုင်းနိုင်ငံသို့ နှစ်၂၀ သက်တမ်းစာချုပ်ဖြင့်သဘာဝဓာတ်ငွေ့ ရောင်းချခြင်းမှ တစ်လလျှင် ၀င်ငွေဒေါ်လာ သန်း ၁၈၀ ခန့်ရရှိနေကြောင်း စွမ်းအင်ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ပြောကြားသည်။

နေပြည်တော်ရှိ ယင်းဝန်ကြီးဌာနတွင် ဒီဇင်ဘာ ၁၀ ရက်ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ နှစ် ၂၀ သက်တမ်းရှိ စာချုပ်ကို ရဲတံခွန်နှင့် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းများမှ ၁၉၉၈-၂၀၀၀ ခုနှစ်မှ စတင် ရောင်းချခဲ့ခြင်းဖြစ်ပြီး ထိုင်းနှင့် တရုတ်နိုင်ငံတို့သို့ တစ်ရက်လျှင် ၁ ဒသမ ၁ ဘီလျံခန့် ရောင်းချ ပေးနေကြောင်း သိရသည်။
“နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ ချုပ်ဆိုရောင်းချခြင်းဖြစ်ပါတယ်။ အခုချိန်ထိလည်း ရောင်းချနေရပါတယ်။ စာချုပ်စာတမ်းတွေကို နှစ်နိုင်ငံ လေးစားလိုက်နာရမယ့် စာချုပ်စာတမ်းတွေဖြစ်ပါတယ်။ ရောင်းချမယ့် ပမာဏ တချို့တစ်ဝက်ကိုလည်း တိုင်းပြည်က လိုအပ်ချက်ရှိနေတဲ့ ပမာဏအချို့ကို ပြည်တွင်းသုံးဖို့အတွက် ပြန်လည်ဝယ်ယူ ညှိနှိုင်းထားတာ ရှိပါတယ်။ ၀င်ငွေနဲ့ ပတ်သက်ပြီးတော့ တစ်လကို အကြမ်းဖျင်းဂက်စ်ရောင်းရ ငွေက (ကန်ဒေါ်လာ)သန်း ၁၈၀ ၀င်တယ်လို့ ခန့်မှန်းထားပါတယ်။
ရရှိတဲ့ဝင်ငွေကို နိုင်ငံတော်ကိုအပ်ပါတယ်။ လိုအပ်ရင် ဘတ်ဂျက်ကပဲ တောင်းပါတယ်”ဟုလက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ပြောကြားသည်။
စာချုပ်အရ ၀င်ငွေကို တွက်ချက်ရာတွင် နိုင်ငံတကာစံနှုန်းအတိုင်း တွက်ချက်ထားသော ၀င်ငွေဖြစ်သည့်အတွက် လစဉ်ဝင်ငွေမှာ တစ်သမတ်တည်း မဟုတ်ဘဲ ယေဘုယျ တွက်ချက်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
စာချုပ်အရ စီမံကိန်းမှ ထွက်ရှိသည့် ဂက်စ်များကို နှစ်၂၀သို့ ဂက်စ်ကုန်ဆုံးသည်အထိ ရောင်းချရမည်ဖြစ်ကြောင်း၊ တရုတ်ပြည်သို့ ကုဗပေသန်း ၅၀၀ ခန့်ရောင်းချပေး နေရကြောင်း၊ ရောင်းချခဲ့သည့် ပမာဏမှာလည်း နိုင်ငံ၏ လိုအပ်ချက်အရ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်း၌လိုအပ်ပါက ပမာဏအချို့ကို ပြန်လည်ဝယ်ယူရန် ညှိနှိုင်းထားကြောင်း ၎င်းကပြောကြားသည်။
ကုန်းတွင်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုအနေဖြင့် မြန်မာနိုင်ငံတွင် နေ့စဉ် ကုဗပေ သန်း ၆၀ ခန့် ထုတ်လုပ်လျက်ရှိကာ ပြည်တွင်းရှိ စက်ရုံများသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment