Tuesday, December 29, 2015

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ဖိအားပေးတိုင်း လွှတ်ပေးမည် မဟုတ်ကြောင်းနှင့် ထိုင်းနိုင်ငံ၏ တရားစီရင်ရေးကို လေးစားလိုက်နာရန် ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ပြောကြား


ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် နိုင်ငံခြား ခရီးသွားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ရွှေ့ပြောင်း မြန်မာအလုပ်သမား နှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်လာသည်ကို ကန့်ကွက်ကြောင်း ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားသည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။


ထို့ပြင် ဝေဖန်သူများ အနေဖြင့်လည်း ထိုင်းနိုင်ငံ၏ တရားရုံး ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရန် လိုအပ်ကြောင်းနှင့် ထိုင်းတရားစီရင်ရေးစနစ် အနေဖြင့် လူထုဖိအားပေးမှုများအောက်သို့ ဦးညွှတ် အလျော့ပေးမည် မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်က ဆက်လက်ပြောကြားခဲ့သည်။

“သူတို့တွေမှာ အယူခံဝင်ခွင့် ရှိနေတာပဲ မဟုတ်လား။ ကမ္ဘာပေါ်က ဥပဒေတိုင်းမှာ ဒီလို အခွင့်အရေး ရှိပါတယ်။ ဒါမှမဟုတ် ထိုင်းဥပဒေတွေမှာကျမှ (အယူခံဝင်ခွင့်) မရှိရမှာလား။ ဒီလိုသာဆို ဖိအားပေးခံရတိုင်း လူတိုင်းကို လွှတ်ပေးရမှာလား” ဟု ဆူရတ်ဌာနီသို့ မထွက်ခွာမီ ထိုင်းဝန်ကြီးချုပ်က ဒေါသတကြီး ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။

ထိုကဲ့သို့ သေဒဏ်ချမှတ်မှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ထိုင်းနိုင်ငံ အနေဖြင့် အဆိုပါ အမှုအတွက် သက်သေများကို ပြန်လည် စိစစ်ပေးရန် ဒီဇင်ဘာ ၂၇ ရက်က တောင်းဆိုခဲ့ပြီး ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai က မြန်မာ ကာကွယ်ရေး ဦးစီးချုပ်၏ တောင်းဆိုမှုသည် အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံ အနေဖြင့်လည်း ထိုင်းနိုင်ငံ၏ တရားရေး ဆုံးဖြတ်ချက်အပေါ် ကန့်ကွက် ဆန္ဒပြမှုများကို ထိန်းချုပ်ရန် လိုအပ်ကြောင်း Bangkok Post သတင်းစာသို့ ပြောကြားခဲ့သည်။

ဆက်လက်၍ Mr. Don က “ခု လူတွေ အများကြီး ဆန္ဒပြနေတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ပြောဖို့ ခက်တယ်။ ဒါပေမဲ့ တချို့ ဆန္ဒပြပွဲတွေက ပုံမှန် မဟုတ်ဘဲ သေချာ စနစ်တကျ ပြင်ဆင်ထားတာ ဖြစ်နေတယ်” ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားများ အလာများလေ့ရှိသည့် လိပ်ကျွန်း၌ နိုင်ငံခြားသားနှစ်ဦး အသတ်ခံရမှုအတွက် ရွှေ့ပြောင်း မြန်မာ အလုပ်သမား ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို ဒီဇင်ဘာ ၂၄ ရက်က ထိုင်းတရားရုံးမှ သေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

အဆိုပါ အမှုကို စစ်ဆေးစဉ် ထိုင်းရဲတပ်ဖွဲ့ အနေဖြင့် နှိပ်စက်ညှဉ်းပန်းမှုများနှင့် သက်သေများကို လွဲမှားစွာ ကိုင်တွယ်မှုများ ဖြစ်ပေါ်ခဲ့သည့်ဟု စွပ်စွဲချက်များ ပေါ်ပေါက်လာခဲ့သော်လည်း တရားသူကြီးက ထိုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့် သက်သေ မရှိဟု ပြောကြားကာ ပယ်ချခဲ့သည်။ ထို့နောက် မှုခင်းဖြစ်စဉ်အတွင်း တွေ့ရှိရသည့် DNA အပေါ် အခြေခံကာ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားသူကြီးက ပြောကြားခဲ့ပါသည်။

ဒီဇင်ဘာ ၂၆ ရက်က မြန်မာအလုပ်သမား နှစ်ဦးကို ၁၄ လကြာ ချုပ်နှောင်ထားသည့် ကော့စမွီ အကျဉ်းထောင်မှ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ Nakhon Si Thammarat ရှိ အကျဉ်းထောင်သို့ ရွှေ့ပြောင်းခဲ့သည်။

သေဒဏ် ချမှတ်ခံရသည့် မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေက အဆိုပါ အမှုအတွက် အယူခံကို တစ်လအတွင်း လျှောက်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။     
Credit to>>> Eleven Media Group

0 comments:

Post a Comment