Tuesday, November 24, 2015

တစ်ပတ်တစ်ခါမျှသာ ဖုန်းအားသွင်းရန် လိုတော့မည့် Screenတစ်မျိုး ဗြိတိန်ပညာရှင်များ တီထွင်


ဖုန်းများကို နေ့စဉ် အားသွင်းရသည့် ဒုက္ခမျိုးမှ ကင်းဝေးမည့် Screenတစ်မျိုးကို ဗြိတိန် သိပ္ပံပညာရှင်များက တီထွင်ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ္စည်းသည် လက်ရှိ မိုဘိုင်းဖုန်း၊Tablet ကွန်ပျူတာနှင့် စမတ်လက်ပတ်နာရီများတွင် အသုံးပြုနေသည့် မှန်သား Screenများ နေရာတွင် အစားထိုးနိုင်ပြီး ထူးခြားမှုမှာ စွမ်းအင် အသုံးပြုမှု လုံးဝ မရှိခြင်း ဖြစ်သည်။
ဖုန်းတစ်လုံး၏ ဘက်ထရီ အသုံးပြုမှုတွင် ၉၀ ရာခိုင်နှုန်းမျှသည် Screen၏ ပုံဖော်မှုကို ထောက်ပံ့ရန် လိုအပ်နေရာ စွမ်းအင် အသုံးပြုမှု လုံးဝမရှိသည့် Screenမျိုးဖြင့် အစားထိုးလိုက်သည့်အခါ တစ်ပတ်လျှင် တစ်ကြိမ်မျှသာ အားသွင်းရန် လိုအပ်တော့မည့် သဘောဖြစ်သည်။
နည်းပညာ ကုမ္ပဏီကြီးများက ဘက်ထရီသက်တမ်းကို မြှင့်တင်ရန် ဇောက်ချ ကြိုးစားနေသော်လည်း ဗြိတိန်မှ ကျွမ်းကျင်သူများကမူ ဘက်ထရီ ယိုစီးမှု၏ အဓိက ရင်းမြစ်ကို ဖယ်ထုတ်လိုက်ခြင်းက ပိုမိုကောင်းမွန်သည့် ရလဒ်မျိုး ထွက်ပေါ်လာစေမည်ဟု ယုံကြည်လျက် ရှိသည်။
စွမ်းအင် အသုံးမပြုသည့် Screenအစားထိုး ပစ္စည်းကို တီထွင်ခဲ့သူ အောက်စ်ဖို့ဒ် တက္ကသိုလ်မှ အင်ဂျင်နီယာ ဒေါက်တာ ပိုင်မန် ဟိုဆေနီက “စမတ်လက်ပတ်နာရီတွေဆို ညတိုင်း အားသွင်းဖို့ လိုတယ်။ ဒါပေမဲ့ ဒီလို စမတ်ဖန်သားမျိုးကို သုံးရင်တော့ တစ်ပတ်ကို တစ်ခါလောက်ပဲ အားသွင်းရတော့မယ်”ဟု ပြောကြားခဲ့သည်။ ၎င်းသည် အဆိုပါ ပစ္စည်း၏ အမည်ကို အတိအကျ မသတ်မှတ်သေးဘဲ စမတ်ဖန်သားဟုသာ သုံးနှုန်းသွားခဲ့သည်။
အသစ်ဖန်တီးထားသည့် နည်းပညာအရ လျှပ်စစ်လှိုင်းကလေးများကို Screen မျက်နှာပြင်ပေါ်တွင် စွမ်းအင် အသုံးပြုမှု လုံးဝမလိုအပ်ဘဲ လှုပ်ရှားပုံဖော်စေနိုင်မည် ဖြစ်သည်။ ထို့အပြင် တိုက်ရိုက် နေရောင်ကျသော အခြေအနေမျိုးတွင်ပင် ပုံရိပ်များကို ပီပြင်စွာ တွေ့မြင်စေနိုင်မည်ဟု ဆိုသည်။ ဒေါက်တာ ဟိုဆေနီ၏ ကုမ္ပဏီဖြစ်သော Bolde အနေဖြင့် တစ်နှစ်အတွင်း စမ်းသပ်အဆင့် Screenများ ထုတ်လုပ်လာနိုင်ရန် မျှော်လင့်လျက် ရှိနေကြောင်းလည်း သိရသည်။

Credit To >>> 7Day News 

0 comments:

Post a Comment