Friday, November 20, 2015

မြင်းခြံအကျဉ်းထောင်တွင် အစာငတ်ခံ ဆန္ဒပြခဲ့သည့် ကျောင်းသားများအား ထောင်အာဏာပိုင်များက ရေဖြတ်တောက်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ထောင်တွင်းဖိနှိပ်မှုများ ပြုလုပ်ခဲ့ကြောင်း အစာငတ်ခံ ဆန္ဒပြခဲ့သည့် ကျောင်းသားများ ပြောကြား


မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေးအတွက် မြင်းခြံအကျဉ်းထောင်တွင် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ကျောင်းသားများမှ နိုဝင်ဘာ ၅ ရက်မှ စတင်ကာ နိုဝင်ဘာ ၁၈ ရက်မွန်းလွဲပိုင်း အချိန်ထိ အစာငတ်ခံ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ရာ ထောင်အာဏာပိုင်များက အစာငတ်ခံ ဆန္ဒပြနေကြသည့် ကျောင်းသားများအား ရေဖြတ်တောက်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ကျောင်းသားများက နိုဝင်ဘာ ၁၉ ရက်က မြင်းခြံမြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ် ပြောကြားသည်။

သာယာဝတီ အကျဉ်းထောင်တွင် ကိုအောင်မှိုင်းဆန်း ဦးဆောင်ပြုလုပ်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးရေးအတွက် အစာငတ်ခံ ဆန္ဒပြခဲ့မှုအား ထောက်ခံသည့် အနေဖြင့် မြင်းခြံအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် ကျောင်းသားများမှလည်း အစာငတ်ခံ ဆန္ဒပြမှုများကို နိုဝင်ဘာ ၅ ရက်မှ စတင်ကာ မုံရွာနည်းပညာ တက္ကသိုလ်မှ တတိယနှစ် (စက်မှု) ကျောင်းသား ကိုစိုးလှိုင်၊ မြင်းခြံဒီဂရီကောလိပ်မှ ဒုတိယနှစ် သင်္ချာမေဂျာမှ ကိုစည်သူမြတ်တို့က နိုဝင်ဘာ ၉ ရက် ညနေပိုင်း အချိန်ထိ အစာငတ်ခံ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ရာ ထောင်အာဏာပိုင်များက ရိုက်နှက်ခြင်း၊ ရေဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းမှ စတင်ကာ မြင်းခြံဒီဂရီကောလိပ် ဒုတိယနှစ် သင်္ချာမေဂျာမှ ကိုဉာဏ်မြင့်သန်း၊ ရတနာပုံ တက္ကသိုလ် စတုတ္ထနှစ် မြန်မာစာမှ ကိုဇင်ကိုသန့်တို့က နိုဝင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းအချိန်ထိ အစာငတ်ခံ ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်ခဲ့ရာ ထောင်အာဏာပိုင်များမှ ရေဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြောင်း အစာငတ်ခံခဲ့သည့် ကျောင်းသားများက ဆိုသည်။

“နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ ကျွန်တော့်ကို ထောင်အာဏာပိုင်တွေက ခေါ်ပြီးတော့ အစာငတ်ခံ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး စည်းကမ်းချက်တွေ ဖတ်ပြတယ်။ ဆေးသွင်းလိုက်ရင် အစာငတ်ခံ ဆန္ဒပြတာ ပျက်ပြယ်တယ်။ ရေသောက်ရင်လည်း အစာငတ်ခံ ဆန္ဒပြတာ ပျက်ပြယ်တယ်ဆိုပြီး ရေးထားတယ်။ အဲဒါကို ကျွန်တော်က လက်မခံခဲ့ဘူး။ အစာငတ်ခံ ဆန္ဒပြတယ် ဆိုတာက ရေအငတ်ခံတာကိုပြောတာ မဟုတ်ဘူး။ အစာပဲ အငတ်ခံတာ။ ဒါကြောင့် ရေသောက်မယ်။ အစာကိုတော့ အငတ်ခံမယ်။ ရေဖြတ်မယ် ဆိုတာကို ကျွန်တော် လက်မခံဘူးလို့ ထောင်အာဏာပိုင်တွေကို ပြောတယ်။ ဒီတော့ သူတို့က အစာငတ်ခံ ဆန္ဒပြမယ်ဆိုရင် ရေပါဖြတ်မယ်လို့ ပြောတယ်။ ထောင်အာဏာပိုင်တွေက ကျွန်တော့်ကို လက်မှတ်ထိုးခိုင်းတယ်။ ကျွန်တော်လည်း အစာငတ်ခံ ဆန္ဒပြဖို့ ဆုံးဖြတ်ပြီးသားဆိုတော့ လက်မှတ်ထိုးပေးလိုက်တယ်။ ဒါပေမဲ့ ရေဖြတ်မယ် ဆိုတာကိုတော့ ကျွန်တော် လက်မခံနိုင်ဘူးလို့ ပြောလိုက်တယ်။ ကျွန်တော့်ကို ထောင်အာဏာပိုင်တွေက နိုဝင်ဘာ ၁၅ ရက်ကနေပြီး အစာငတ်ခံ ဆန္ဒထုတ်ဖော်တာ ရုပ်သိမ်းလိုက်တဲ့ နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းအထိ ရေလုံးဝ မတိုက်ပါဘူး။ ရေလုံးဝ မတိုက်တဲ့အတွက် ကျွန်တော် ဆီးသွားရင် ဆီးနည်းလာတယ်။ နောက်ဆုံး ဆီးသွားရင်းနဲ့ သွေးတွေပါလာတယ်။ အဲဒီနေ့ ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာ အစာငတ်ခံ ဆန္ဒပြတာ ရပ်ပြီးမှ ရေလာတိုက်တာပါ” ဟု မြင်းခြံဒီဂရီကောလိပ် ဒုတိယနှစ် သင်္ချာမေဂျာမှ ကိုဉာဏ်မြင့်သန်းက ပြောကြားသည်။

အစာငတ်ခံ ဆန္ဒထုတ်ဖော်သည့် ကျောင်းသား ကိုဉာဏ်မြင့်သန်းအား ဆန္ဒပြနေစဉ်အတွင်း အလုံပိတ် (တိုက်ပိတ်)အခန်းတွင်းတွင် ထည့်ထားပြီး မြင်းခြံအကျဉ်းထောင် အာဏာပိုင်များက သုံးရက်ကျော်ကြာ ရေဖြတ်တောက်ခဲ့ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

“ကျွန်တော် အစာငတ်ခံ ဆန္ဒပြတဲ့ ၁၅ ရက်နေ့ကနေ စပြီးတော့ ရပ်လိုက်တဲ့ ၁၆ ရက်နေ့ ညအထိ ထောင်အာဏာပိုင်တွေက ရေလုံးဝ မပေးပါဘူး။ ကျွန်တော့်ကိုလည်း အစာငတ်ခံ ဆန္ဒထုတ်ဖော်နေစဉ် အတွင်းမှာ တိုက်ပိတ်ထားပါတယ်။ အစာငတ်ခံ ဆန္ဒပြနေစဉ်မှာ ရေဖြတ်လိုက်တဲ့အတွက် ကျွန်တော့်မှာ ကျန်းမာရေး ထိခိုက်မှုတွေ ရှိပါတယ်။ ခေါင်းကလည်း မူးနေပါတယ်။ ကိုစိုးလှိုင်နဲ့ ကိုစည်သူမြတ်တို့လိုတော့ ရိုက်နှက်ခံရခြင်းတော့ မရှိပါဘူး။ ကျွန်တော် အစာငတ်ခံ ဆန္ဒပြတာ ရပ်လိုက်ရတာကလည်း ဒီလို တိုက်ပွဲအတွေ့အကြုံကလည်း မရှိတော့ စိတ်ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာတယ်။ ဒါကြောင့်လည်း ၁၆ ရက်နေ့ ညပိုင်းမှာ ရပ်ပေးလိုက်တာလည်း ပါတာပေါ့။ အစာငတ်ခံ ဆန္ဒပြတဲ့ နေရာမှာ အစာနဲ့ မသက်ဆိုင်တဲ့ ရေကို ဖြတ်လိုက်တာကတော့ ထောင်တွင်းဖိနှိပ်မှု တစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ အခုက အစာငတ်ခံ ဆန္ဒပြတာက ယာယီ ရပ်နားပေးလိုက်တာ။ ကိုအောင်မှိုင်းဆန်း ပြန်စရင်တော့ အစာငတ်ခံ ဆန္ဒပြတာ ဆက်လုပ်သွားမှာပါ” ဟု အစာငတ်ခံ ဆန္ဒပြခဲ့သည့် ရတနာပုံ တက္ကသိုလ် စတုတ္ထနှစ် မြန်မာစာမေဂျာမှ ကိုဇင်ကိုသန့်က ပြောကြားသည်။ “အစာငတ်ခံ ဆန္ဒထုတ်ဖော်နေတာကို ရေဖြတ်ခွင့် မရှိဘူးလို့ ကျွန်တော်ကတော့ ဒီလိုပဲ နားလည်ထားပါတယ်။ ဒီလိုလုပ်တာက ထောင်တွင်းဖိနှိပ်မှုတင် မကဘူး အစာငတ်ခံ ဆန္ဒထုတ်ဖော်တာကို အလုံပိတ် အခန်းမှာ ထည့်ထားပြီး အစာလည်းဖြတ် ရေလည်းဖြတ်လိုက်တယ်ဆိုတော့ ထောင်အာဏာပိုင်တွေ အနေနဲ့က လူကိုသေစေအောင် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုကို အကြီးအကျယ် လုပ်တယ်လို့မြင်တယ်။ ဒီလို ထောင်တွင်း ဖိနှိပ်မှုတွေကို အပြင်းအထန် ကန့်ကွက်တယ်။ ပထမဆုံး အစာငတ်ခံ တိုက်ပွဲလုပ်တဲ့ ကျောင်းသား ကိုစည်သူမြတ်နဲ့ ကိုစိုးလှိုင်တို့ကတော့ သူတို့လည်း ပထမနှစ်ရက်မှာ ရေနည်းနည်းဖြတ်တယ်။ နောက်ဆုံးလုံးဝ ဖြတ်ပစ်တယ်။ အခု ကျောင်းသားကို ဉာဏ်မြင့်သန်းနဲ့ ကိုဇင်ကိုသန့်တို့ကျတော့ ရေက လုံးဝဖြတ်လိုက်တယ်။ သာယာဝတီမှာ အစာငတ်ခံ ဆန္ဒထုတ်ဖော်နေတဲ့ သူတွေကျတော့ ရေမဖြတ်ဘူး။ ကျန်းမာရေး စောင့်ရှောက်မှု ပေးတယ်။ ဒီမြင်းခြံ အကျဉ်းထောင်မှာကျတော့ ဘာကြောင့် အစာငတ်ခံ ဆန္ဒထုတ်ဖော်နေတာကို ရေဖြတ်ရတာလဲ။ အခု မြင်းခြံထောင်မှာ ရေဖြတ်တာကို အပြင်းအထန် ကန့်ကွက်ပါတယ်။ အခုလို အစာငတ်ခံ ဆန္ဒပြနေတာကို ဥပဒေနဲ့ မညီဘူး ဆိုပေမယ့် ထောင်အာဏာပိုင်တွေ အနေနဲ့ ရိုက်နှက်ခွင့် ရှိမရှိဆိုတာ ကျွန်တော်တို့ သိဖို့လိုတယ်။ အဲဒီလို ရိုက်နှက်ခွင့် မရှိဘူး ဆိုရင် ရိုက်တဲ့သူတွေရော ထောင်အာဏာပိုင်တွေရော သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေ အနေနဲ့ အရေးယူပေးဖို့ လိုတယ်” ဟု မြင်းခြံအကျဉ်းထောင်တွင် ဖမ်းဆီး တရားစွဲဆို ခံနေရသည့် ကိုသန့်ဇင်က ဆိုသည်။

“လက်ရှိထောင်နဲ့ ပတ်သက်တဲ့ ဥပဒေမှာ အဲဒီလို ရှိတယ်ဆိုရင်လည်း သက်ဆိုင်ရာ ဥပဒေပြုတဲ့ အမတ်တွေ အနေနဲ့ ဒါကို ပြင်ဆင်ပေးဖို့အတွက် ကျွန်တော် တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

မြင်းခြံ အကျဉ်းထောင်တွင် ဖမ်းဆီးတရားစွဲဆို ခံနေရသည့် ကျောင်းသားများနှင့် ၀န်းရံပြည်သူများမှာ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းအတွင်း ပါဝင်ခဲ့မှု၊ ဒီမိုကရေစီ ပညာရေးနှင့် ပတ်သက်၍ လုပ်ရှားမှု၊ ကိုပါကြီး အသတ်ခံရမှုကြောင့် ဆန္ဒထုတ်ဖော်ခဲ့မှု၊ နိုင်ငံတော်အလံအမှု စသည့် လှုပ်ရှားမှုတို့ကြောင့် မြင်းခြံမြို့နယ် တရားရုံး၌ အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment