Friday, November 20, 2015

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခ ရောက်နေသည့် ပြည်သူများအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက စောင်၊ ဆေးဝါးနှင့် အစားအစာများ သွားရောက် လှူဒါန်း


အစိုးရ တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခ ရောက်နေကြရသည့် ပြည်သူများအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ စောင်၊ ဆေးဝါးနှင့် အစားအစာများ သွားရောက်လှူဒါန်းလျက်ရှိကြောင်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ သိရသည်။


ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဦးဇွဲနန္ဒ ဦးဆောင်သော အဖွဲ့သည် နိုဝင်ဘာ ၁၇ ရက်တွင် လားရှိုးမြို့သို့ ရောက်ရှိပြီး စစ်ဖြစ်ပွားရာ ဒေသနှင့် အနီးဆုံးဖြစ်သော မိုင်းရှူးမြို့ စစ်ဘေးဒုက္ခသည် စခန်းရှိ ဒုက္ခသည် ၇၀၀ နှင့် မိုင်းရှူးမြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ ဟိုင်းပါဒုက္ခသည် စခန်းရှိ ဒုက္ခသည် တစ်ထောင်ကျော်အတွက် ဂွမ်းစောင်အထည် တစ်ထောင်ကျော်၊ ရေကျိုချက် သောက်သုံးရန် ခရားအိုးနှင့်ဆန်၊ ဆေးဝါး၊ ပဲပုပ်တို့ကို ၀ယ်ယူ၍ သွားရောက်လှူဒါန်းခဲ့ရာ နိုဝင်ဘာ ၁၈ ရက်တွင် မိုင်းရှူးဒုက္ခသည် စခန်းသို့ ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်တွင် ဟိုင်းပါဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ဒေါက်တာဥမ္မာက “ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ရေဘေးကတည်းက စကူတာ။ အလှူငွေတွေလည်း ရထားတယ်။ အခုက ရေဘေးက ပြီးသွားပြီ။ မော်ချီးမှာ မြေပြိုတာမျိုးတို့။ ဒီလို စစ်ရှောင်ဒုက္ခသည်က ထပ်တက်လာတာ။ မီဒီယာကြောင့်လည်း ဒါတွေ သိလာရတယ်။ အဲဒါမျိုးကျရင် ဦးစားပေးပြီးတော့ သွားဖို့ မူချထားတယ်။ စစ်ရှောင်မို့လို့ အန်တီတို့က သီးခြားလုပ်တာ မဟုတ်ပါဘူး။ အန်တီတို့သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကုန်လုံး ပြည်သူတွေအတွက် ကူမယ်ဆိုတဲ့ အထဲက ဒီလိုကြီးမားတဲ့ ဖြစ်စဉ်တွေ တက်လာတော့ ချက်ချင်းကူဖို့ လွှတ်လိုက်တယ်” ဟု ပြောကြားသည်။

ဆက်လက်၍ ၎င်းက “မနေ့ကတော့ မိုင်းရှူးရောက်တယ်လို့ ကြားတယ်။ မိုင်းရှူး ဒုက္ခသည်စခန်းတော့ ရောက်သွားပြီ။ လမ်းမှာလည်း စစ်ဆေးရေးဂိတ် ရှစ်ခုလောက် ဖြတ်ရတယ်လို့ ပြောတယ်။ နှစ်နေရာကို ဦးတည်ပြီး လုပ်လိုက်တယ်။ မိုင်းရှူးရောက်မှ ဟိုဘက်က ဟိုင်းပါ အဲဒီမှာ တစ်ထောင်ကျော် ရှိတယ်။ အဲဒါက မိုင်းရှူးကနေ ၁၀ မိုင်ပဲဝေးတယ်။ ကျန်တဲ့နေရာကတော့ လုံးဝသွားလို့ မရဘူး။ မနက်က နှစ်နာရီမှာ ဆန်အိတ်နဲ့ နောက်ထပ် နှစ်စီး ထွက်သွားတယ်။ ရှေ့ပြေးအဖွဲ့ကတော့ မိုင်းရှူးရောက်ပြီ။ မိုင်းရှူးရောက်တဲ့ အချိန်မှာ ဘာပြောလဲဆိုတော့ မိုင်းရှူးကနေ မနက်ငါးနာရီခွဲ ထွက်ကြမယ်တဲ့။ ၁၀ မိုင်ပဲဝေးတာ ဘာလို့ အစောကြီး ထွက်တာလဲဆိုတော့ မဟုတ်ဘူးတဲ့ သူတို့က ညနေနဲ့ မနက်ပိုင်းကို စစ်မဖြစ်ဘူးတဲ့။ နေ့ခင်းဆိုရင် ချကြပြီတဲ့။ နောက်ထပ်တော့ အဆက်အသွယ် မရတော့ဘူး။ ဒုက္ခသည်တွေ ရှိနေတဲ့ နေရာတွေ ရှိနေသေးပေမယ့် လုံးဝ ၀င်လို့ မရဘူး။ တိုက်ပွဲ ဖြစ်နေတော့။ အခု ဒီနှစ်နေရာက အန်တီတို့ စွန့်ပြီးဝင်တာ” ဟု နိုဝင်ဘာ ၁၉ ရက်က ပြောကြားသည်။

အစိုးရ တပ်မတော်နှင့် SSPP/SSA တို့ သည် ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှ စတင်ကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး ရွေးကောက်ပွဲ အပြီးတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် လက်ရှိတွင် ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံ တစ်သောင်းကျော် စစ်ဘေးဒုက္ခကြုံ တွေ့နေကြရပြီး စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ရှမ်းပြည်နယ် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရမှုနှင့် ပတ်သက်ပြီး SSPP/SSA ဗဟိုရုံးမှ ဗိုလ်မှူးစိုင်းခမ်းက “၀မ်ဆော့က ဒုက္ခသည် တချို့က လားရှိုးသွားတဲ့သူကသွား။ မိုင်းနောင်ကလည်း လဲချားသွားလို့သွား။ တောင်ကြီးသွားတဲ့သူလည်း သွားပေါ့။ နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့ နေရာတွေ သွားပြီးတော့မှ တိမ်းရှောင်နေကြရတာပေါ့။ တစ်နယ်လုံးဆို ကျွန်တော်ထင်တယ် တစ်သောင်းကျော်သွားပြီ ထင်တယ်။ ကျွန်တော်တို့ကတော့ စစ်ပွဲမဖြစ်စေချင်ဘူး။ တချို့လာပြီးတော့ ကူညီတယ် ပံ့ပိုးကြတယ်။ ရေရှည်မှာတော့ မလွယ်ဘူး။ ဒေသခံတွေ အနေနဲ့ တောင်ယာတွေ လယ်တွေ သိမ်းရမယ့် အချိန်လည်း ဖြစ်နေတယ်။ ကျွန်တော်တို့လည်း လက်လှမ်းမီတာလောက်ပဲ ကူညီပေးနိုင်တာ” ဟု ပြောကြားသည်။
 
 
Credit To >>> Eleven Media Group

0 comments:

Post a Comment