အမေရိကန်က အရှေ့တောင်အာရှမှ သူ၏ မဟာမိတ်နိုင်ငံများ၏
ရေကြောင်းလုံခြုံရေးအတွက် ဒေါ်လာ ၂၅၉ သန်း ထောက်ပံ့မည်ဟု နိုဝင်ဘာ ၁၇ ရက်က
ကြေညာခဲ့သည်။ ထိုထောက်ပံ့မည့် အစီအစဉ်ထဲတွင် ဖိလစ်ပိုင်သို့
စစ်သင်္ဘောတစ်စင်း ပေးမည့်အရေးလည်း ပါဝင်နေသည်။ တောင်တရုတ်ပင်လယ်ထဲမှ တရုတ်၏
ကျွန်းတုတည်ဆောက်မှုနှင့် ပတ်သက်၍ တင်းမာမှုများမြင့်တက်နေစဉ်
ယခုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် အာရှ-ပစိဖိတ်ခေါင်းဆောင်များ
ထိပ်သီးအစည်းအဝေးအတွက် မြို့တော် မနီလာသို့ ရောက်ရှိလာပြီး မကြာမီမှာပင်
ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့အား
ထောက်ပံ့ပေးမည့်အစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ အိမ်ဖြူ တော်၏
ထုတ်ပြန်ချက်ထဲတွင် အမေရိကန်က ယခုနှစ်အတွင်း ဒေါ်လာ ၁၁၉ သန်း
ထောက်ပံ့မည်ဖြစ်ပြီး သန်း ၁၄၀ ကို နောက် ၁၂ လအတွင်း ထပ်မံထောက်ပံ့မည်ဟု
ဖော်ပြထားသည်။ အမေရိကန်ကမ်းရိုးတန်းစောင့် ဖျက်သင်္ဘောသည် ဖိလစ်ပိုင်၏
စစ်သင်္ဘောအသစ် ဖြစ်လာမည်ဟု အိုဘားမားက ဆိုသည်။ ဖိလစ်ပိုင်နိုင်ငံသည်
အာရှနိုင်ငံများထဲတွင် စစ်ရေးအင်အား
အနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း အငြင်းပွား
ရေပိုင်နက်အရေးကိစ္စနှင့် ပတ်သက်၍ တရုတ်ကို အများဆုံး
ဝေဖန်တိုက်ခိုက်သည့်နိုင်ငံလည်း ဖြစ်နေသည်။
အမေရိကန်၏ ယခု ထောက်ပံ့ရေးအစီအစဉ်ထဲတွင် ဖိလစ်ပိုင်က အကူအညီအများဆုံး
ရရှိမည်ဖြစ်သည်။ ဖိလစ်ပိုင်သည် ယခုဘဏ္ဍာရေးနှစ်အတွင်း ရေကြောင်းလုံခြုံ
ရေးတိုးတက်လာစေရန်အတွက် ဒေါ်လာ ၇၉ သန်းရရှိမည်ဟု သိရသည်။ ဖိလစ်ပိုင်သည်
စစ်သင်္ဘောအပြင် ၎င်း၏ ရေပိုင်နက်ကို မြေပုံထုတ်ရန်အတွက် အမေရိကန်ထံမှ
လေ့လာရေးသင်္ဘောတစ်စင်းကိုလည်း ရရှိဦးမည်ဖြစ်သည်။
ယခင်က အမေရိကန်၏ ရန်ဘက်ဖြစ်ခဲ့သော်လည်း ယခုအခါ တရုတ်ကို
ပြင်းပြင်းထန်ထန် ဝေဖန်နေသည့် ဗီယက်နမ်ကမူ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၁ သန်း
ရရှိမည် ဖြစ်သည်။ တရုတ်ကို ပင်လယ်ရေပိုင်နက်နှင့် ပတ်သက်၍
ရှင်းရှင်းလင်းလင်း ပြုလုပ်ရန် ပြောနေသည့် အင်ဒိုနီးရှားက အမေရိကန်အကူအညီ
ဒေါ်လာ သန်း ၂၀ နီးပါးရရှိ မည်ဖြစ်သည်။ မလေးရှားကမူ သူ၏ရေကြောင်း
လုံခြုံရေးအတွက် အမေရိကန်ထံ မှ ဒေါ်လာ ၂ ဒသမ ၅ သန်း တန်ဖိုးရှိသည့်
အကူအညီများကို ရရှိမည်ဖြစ်သည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment