လွှတ်တော်၏ ရွေးချယ်တင်မြှောက်မှုအရ နီပေါနိုင်ငံတွင် အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် သမ္မတ ဖြစ်လာကြောင်း သိရှိရသည်။
အသက် ၅၄ နှစ်ရှိ ဘစ်ဟ်ဟယာဒေဝီဘန်ဒါရီ သမ္မတ ဖြစ်လာခြင်းသည်
နီပေါနိုင်ငံရေး သမိုင်းတွင် ကြီးကျယ်ထင်ရှားသည့် မှတ်တိုင်တစ်ခုလည်း
ဖြစ်သည်။ ယခုလအတွင်း လွှတ်တော်က အစိုးရ၏ အရေးအပါဆုံး ရာထူးနေရာများအတွက်
လူသစ်များ ရွေးချယ် တင်မြှောက်ရာတွင် ဘန်ဒါရီသည် ဒုတိယမြောက် ဖြစ်သည်။
အောက်တိုဘာလ အစောပိုင်းတွင် ကေပီရှာမာအိုလီကိုလည်း နီပေါလွှတ်တော်က
ဝန်ကြီးချုပ်အဖြစ် တင်မြှောက် ခန့်အပ်ခဲ့သည်။
ဘန်ဒါရီသည် လတ်တလောတွင် အာဏာရ နီပေါကွန်မြူနစ်ပါတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ်
တာဝန်ယူထားသူ ဖြစ်သည်။ သူမသည် (၂၀၀၉)ခုနှစ်မှ (၂၀၁၁)ခုနှစ်အတွင်း
ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူခဲ့ဖူးသည်။ သမ္မတအဖြစ်
တင်မြှောက်ခံရပြီးနောက် နီပေါနိုင်ငံရှိ လူနည်းစုတိုင်းရင်းသားများနှင့်
အမျိုးသမီးများ၏ အကျိုးအတွက် ဦးဆောင်ကြိုးစားပေးသွားမည်ဟု ကတိပြုခဲ့သည်။
ဘန်ဒါရီသည် ဝန်ကြီးချုပ်သစ် အိုလီ၏ အရင်းနှီးဆုံး
မဟာမိတ်တစ်ဦးလည်းဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးစလုံး
ကွန်မြူနစ်ပါတီအဖွဲ့ဝင်များ ဖြစ်ကြသည်။ ဘန်ဒါရီသည် သမ္မတ ဖြစ်မလာမီကတည်းက
အမျိုးသားအများစု ကြီးစိုးနေသည့် နီပေါနိုင်ငံရေး နယ်ပယ်တွင် ထင်ရှားသည့်
အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး ဖြစ်သည်။
ဒီမိုကရေစီခေတ် မတိုင်မီက မြေအောက်လှုပ်ရှားသူတစ်ဦး ဖြစ်ခဲ့ပြီး
သူမ၏ခင်ပွန်းသည် နိုင်ငံရေးသမားမှာ ပဟေဠိဆန်သည့် မော်တော်ယာဉ်
မတော်တဆမှုတစ်ခုဖြင့် သေဆုံးသွားခဲ့သည်။ ထို့နောက်ပိုင်းတွင် ဘန်ဒါရီသည်
လွှတ်တော်အတွင်း နေရာရလာပြီး ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦး ဖြစ်လာသည်။
ဘန်ဒါရီသည် အမျိုးသမီးများကို ဖိနှိပ်သည့် ဥပဒေတစ်ရပ်ကို
ထောက်ခံကြောင်း စွပ်စွဲခံရသည့်တိုင် နောက်ပိုင်းတွင် သူမ၏
ကြိုးစားအားထုတ်မှုကြောင့် လွှတ်တော်ထဲတွင် အမျိုးသမီးအမတ်သုံးပုံတစ်ပုံမျှထိ
နေရာရလာခဲ့သည်။
နီပေါ၏ ဖွဲ့စည်းပုံအရ သမ္မတအဖြစ် တာဝန်ယူပြီးနောက် ဘန်ဒါရီသည် နိုင်ငံ၏
လက်နက်ကိုင်တပ်ဖွဲ့များကို ကြီးမှူးသည့် စစ်ဦးစီးချုပ် အဖြစ်လည်း
တာဝန်ယူရမည် ဖြစ်သည်။ ဘန်ဒါရီသည် ရမ်ဘာရန် ယာဒက်ဗ်၏ နေရာတွင် သမ္မတရာထူးကို
ဆက်ခံခဲ့ခြင်း ဖြစ်သည်။ နီပေါတွင် အာဏာရှင် ဘုရင်စနစ် ပြိုကွဲပြီးနောက်
၂၀၀၈ ခုနှစ်တွင် ယာဒက်ဗ်ကနိုင်ငံ၏ ပထမဆုံး သမ္မတအဖြစ်
ရွေးချယ်တင်မြှောက်ခံခဲ့ရခြင်း ဖြစ်သည်။
Credit To >>> 7Day News
Thursday, October 29, 2015
နီပေါတွင် အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် သမ္မတဖြစ်လာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment