လေဘောလုံးများဖြင့် ကမ္ဘာတလွှားတွင် အင်တာနက်ကွန်ရက်များ
ဖြန့်ကျက်ထောက်ပံ့ပေးမည့် အစီအစဉ်ကို လာမည့်နှစ်တွင် အစပြုနိုင်ရန် Googleက
မျှော်လင့်လျက် ရှိသည်။
အမေရိကန်နည်းပညာကုမ္ပဏီကြီးက Project Loonဟု အမည်ပေးထားသည့် အစီအစဉ်အရ
အထက်လေထုထဲသို့ လေဘောလုံးများ လွှတ်တင်ထားကာ မြေပြင်သို့ အင်တာနက်ကွန်ရက်
ဖြန့်ကျက်နိုင်အောင် စီစဉ်ပေးမည် ဖြစ်သည်။ ထိုအခါ လေထုထဲတွင် ဘောလုံးများ၏ လည်ပတ်မှုလမ်းကြောင်းပေါ်
ကျရောက်နေသော ဒေသများ၌ အင်တာနက်ကို အကန့်အသတ်မရှိ သုံးစွဲနိုင်မည် ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံရှိ မိုဘိုင်းကွန်ရက် ထောက်ပံ့သည့် ကုမ္ပဏီသုံးခုက
Google၏ Project Loon နှင့် ပူးပေါင်းပြီး စမ်းသပ်မှုများ ပြုလုပ်ရန်
ဆန္ဒရှိကြောင်း ကြေညာပြီး မကြာမီတွင် ယခုသတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။
ကမ္ဘာအနှံ့တွင် အင်တာနက်ကွန်ရက် ဖြန့်ကျက်နိုင်ရေး မျှော်လင့်ချက်အတွက်
ယခုအစီအစဉ်သည် အခြားသော နည်းလမ်းများထက် ကောင်းကျိုးပိုများကြောင့်
သုတေသီများက ဆိုသည်။
ဟီလီယမ် ဓာတ်ငွေ့ ဖြည့်သွင်းထားသည့် ဘောလုံးကြီးများကို လွှတ်တင်ပြီး
အင်တာနက်ကွန်ရက် ဖြန့်ကျက်မည့် အစီအစဉ်တွင် ကနဦးအဆင့် ပါဝင်ရန်
သီရိလင်္ကာကလည်း လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။
Googleသည် Project Loon အစီအစဉ်ကို ၂၀၁၃ ခုနှစ်၊ ဇွန်လတွင်
စတင်ကြေညာခဲ့ပြီး ၎င်းတို့၏ အဆိုအရ ခိုင်မာသည့် ပလပ်စတစ်ကိုယ်ထည်ဖြင့်
တည်ဆောက်ထားသည့် ဓာတ်ငွေ့ဖြည့်ဘောလုံးကြီး ၃၀ ခန့်ကို နယူးဇီလန်မှ
လွှတ်တင်မည်ဟု ဆိုသည်။ လေထက်ပေါ့သည့် ဘောလုံးကြီးများ၏ အောက်ခြေတွင် Data
Streaming ပို့လွှတ်ခြင်း၊ လက်ခံခြင်းတို့ကို လုပ်ဆောင်ပေးနိုင်မည့် Radio
Transcevierများ၊ ပျံသန်းမှု
ကွန်ပျူတာစနစ်၊ GPS လမ်းညွှန်စနစ်၊ အမြင့်ပေ ထိန်းချုပ်မှု စနစ်၊
နေရောင်ခြည်ကို ခံယူအားဖြည့်မည့် ဆိုလာပြားများ ထည့်သွင်းတပ်ဆင်ထားမည်
ဖြစ်သည်။
စီမံကိန်းကို စတင်ချိန်တွင် ဘောလုံးများ၏ အကူအညီဖြင့် 3G ကွန်ရက်
မြန်နှုန်း အင်တာနက်စနစ် ထောက်ပံ့ရန် စီစဉ်ခဲ့သော်လည်း ယခုအခါ
တစ်စက္ကန့်လျှင် 10MB မြန်နှုန်းမျှထိ မြန်နှုန်း မြှင့်တင်သွားမည် ဖြစ်သည်။
ဗြိတိန်နိုင်ငံတွင် 4G ကွန်ရက် ဖြန့်ကျက်မှုများအရ ပျမ်းမျှမြန်နှုန်းသည်
တစ်စက္ကန့်လျှင် 15MB ဖြစ်သည်။
Googleက ဝေးလံသီခေါင်သော၊ ခရီးလမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများသို့
အင်တာနက်လိုင်းများ ဖြန့်ကျက်ပေးရာတွင် Fibre Optic
ကေဘယ်လ်ကြိုးလိုင်းများ သွယ်တန်းသည့် နည်းလမ်းနှင့် ယှဉ်ပါက
Project Loonသည် အကုန်အကျ စရိတ်စက အလွန်သက်သာကြောင်း ပြောကြားခဲ့သည်။
Google၏ ပြိုင်ဘက် နည်းပညာကုမ္ပဏီကြီး Facebook ကလည်း
မောင်းသူမဲ့လေယာဉ်များ လွှတ်တင်ထားကာ အင်တာနက်ကွန်ရက် ဖြန့်ကျက်သည့်
စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နိုင်ရန် ကြိုးစားနေကြောင်း သိရသည်။
Credit To >>> 7Day News
Thursday, October 29, 2015
လေဘောလုံးများဖြင့် အင်တာနက်ကွန်ရက် ဖြန့်ကျက်မည့် အစီအစဉ် လာမည့်နှစ်တွင် စတင်နိုင်ရန် Google မျှော်လင့်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment