Tuesday, September 15, 2015

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသော မဲဆန္ဒနယ်၌ တစ်ကြိမ်ထက် ပို၍မဲပေးခြင်း၊ အခြားသူအဖြစ် အယောင်ဆောင်မဲပေးခြင်း၊ မဲပေးမှုအပေါ် အခြားမမှန်မကန်မှုများ ပြုလုပ်ပါက ငွေဒဏ်နှင့် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင်

ရွေးကောက်ပွဲတွင် မိမိဆန္ဒမဲပေးခွင့်ရှိသော လွှတ်တော် မဲဆန္ဒနယ်အတွက် တစ်ကြိမ်ထက် ပို၍ဆန္ဒမဲပေးခြင်း၊ အခြားသူအဖြစ် အယောင်ဆောင် မဲပေးခြင်းနှင့် မဲပေးမှုအပေါ် အခြားမမှန်မကန်မှုများ ပြုလုပ်ပါက မည်သူမဆို ငွေဒဏ်နှင့် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများတွင် ပြဋ္ဌာန်းထားသည်။

ထို့အတူ ဆန္ဒမဲလက်မှတ်၊ ကြိုတင် ဆန္ဒမဲလက်မှတ်ကို မသမာသောနည်းဖြင့် အခြားသူတစ်ဦးအားပေးခြင်း၊  အတုပြုလုပ်ထားသော ဆန္ဒမဲလက်မှတ်များကို မဲပုံးအတွင်းသို့ ထည့်သွင်းခြင်း၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ တစ်ဦးဦးအား မဲပေးခြင်း မပြုနိုင်စေရန် နှောင့်ယှက်ခြင်းနှင့် နှောင့်ယှက်ရန် အားပေးကူညီခြင်းတို့ ဆောင်ရွက်ပါကလည်း အလားတူ ပြစ်ဒဏ်များအတိုင်း အရေးယူခံရမည် ဖြစ်သည်။၂၀၁၅ ရွေးကောက်ပွဲတွင် လူတစ်ဦးသည် တစ်ကြိမ်ထက်ပို၍ မဲ မပေးနိုင်ရန် မဲ ပေးပြီးပါက ၀ဲဘက်လက်သန်းတွင် မင်တို့ မှတ်သားမည် ဖြစ်သည်။
 “မဲ မသမာမှုကျူးလွန်လို့ ပြစ်ဒဏ်ခံရတာထက်စာရင် ကျွန်တော်တို့ တိုင်းပြည်မှာ အထူးသဖြင့် အသွင်ကူးပြောင်းစ ကျွန်တော်တို့ရဲ့စိန်ခေါ်မှုတွေ အရေးကြီးတဲ့ ကာလမျိုးမှာ နိုင်ငံသားတွေ ကိုယ်တိုင်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မည်ဆိုရင် ရေရှည်မှာ ရွေးကောက်ပွဲကနေပြီးတော့မှ ဒီမိုကရေစီနိုင်ငံကို ပိုပြီးတော့ ဖော်ဆောင်နိုင်မယ်။ ဆိုလိုတာက ရွေးကောက်ပွဲတွေမှာ ကျွန်တော်တို့ ဒေသတွင်းမှာရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပြဿနာတွေလိုပေါ့။ မဲဝယ်ကြတယ်။ ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ အခါမှာ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်းမကျတော့ဘဲနဲ့ မသမာသူတွေအတွက်ကို အာဏာ ဆက်လက်စွဲကိုင်ထားဖို့ အတွက် အသုံးချစရာတစ်ခု ဖြစ်လာတယ်။ ရွေးကောက်ပွဲဟာ နာမည်ပျက်လာတာပေါ့။ ပြောရလို့ရှိရင် ကမ္ဘာပေါ်မှာ ခေတ်စားနေတဲ့ ရွေးကောက်ပွဲတော့ရှိတယ်။ ဒီမိုကရေစီ တော့မရှိဘူးပေါ့ဗျာ။ ရွေးကောက်ပွဲ အခြေခံ အာဏာရှင်နိုင်ငံမျိုးတွေ မဖြစ်သွားအောင် နိုင်ငံသားတွေ အနေနဲ့ကတော့ မဲနှစ်ခါပေးတာမျိုး၊ မဲရောင်းတာမျိုး၊ ခြိမ်းခြောက်ခံရလို့ ကိုယ့်ရဲ့ဆန္ဒအတိုင်း မဲမပေးတာတွေ မလုပ်ကြဖို့တော့ တိုက်တွန်းချင်တယ်” ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တစ်ခုဖြစ်သည့် ပြည်သူများ ပူးပေါင်းလှုပ်ရှားမှု (PEAC) အဖွဲ့မှ ကိုစိုင်းရဲကျော်စွာမြင့်က ဆိုသည်။
 ထို့ပြင် ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံ ပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုစေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ခြင်းနှင့်  အထက်ပါ ပြစ်ဒဏ်များ အတိုင်း အရေးယူခံရမည် ဖြစ်သည်။
ယင်းအပြင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော် လည်းကောင်း၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့်သော် လည်းကောင်း ငွေ၊ ပစ္စည်း၊  အစားအသောက်၊ ရာထူး၊ အလုပ်အကိုင်၊ နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေး တစ်ခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းတို့ကို ဆောင်ရွက်ပါကလည်း အဆိုပါ ပြစ်ဒဏ်အတိုင်းပင် အရေးယူခံရမည် ဖြစ်သည်။
အလားတူ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး ဦးကိုလည်းကောင်း၊ ဆန္ဒမဲပေးခွင့်ရှိသူ တစ်ဦး ဦးကိုလည်းကောင်း ခြိမ်းခြောက်ခြင်း၊ ဘာသာရေး လူမျိုးရေးအကြောင်းပြ၍ ဆန္ဒမဲပေးရန်၊ မပေးရန် ပြောဆိုဟောပြော ကြေညာချက် ထုတ်ပြန်ခြင်းတို့ ဆောင်ရွက်ပါကလည်း အရေးယူခံရမည် ဖြစ်သည်။
မည်သူမဆို အထက်ပါ ပြစ်မှုများကို ကျူးလွန်ရန် အားပေးကူညီပါကလည်း ကျူးလွန်သူများအား အရေးယူသည့် ပြစ်ဒဏ် အတိုင်းပင် အရေးယူခံရမည် ဖြစ်သည်။
သို့ရာတွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ လိမ်လည်စွပ်စွဲ တိုင်တန်းကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် မည်သူမဆို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။ အထက်ပါ ပြစ်မှုများသည် ရဲအရေးယူ ပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် ရွေးကောက်ပွဲ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment