Wednesday, August 26, 2015

မိုင်းတုံရေ အားလျှပ်စစ်စီမံကိန်းအား လေ့လာမှုများပြုလုပ်နေသည့် SMEC ကုမ္ပဏီအား ကန့်ကွက်သည့်အနေဖြင့် ရှမ်းပြည်နယ်ဒေသခံ နှစ်သောင်းကျော်မှ လက်မှတ်ရေးထိုးကာ သြစတြေးလျကောင်စစ်ဝန်ရုံးသို့ ပေးပို့


မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းအား လေ့လာမှုများပြုလုပ်နေသည့် သြစတြေးလျနိုင်ငံအခြေစိုက် SMEC ကုမ္ပဏီအား ကန့်ကွက်သည့်အနေဖြင့် ရှမ်းပြည်နယ်ဒေသခံ နှစ်သောင်းကျော်မှ လက်မှတ်ရေးထိုးကာ သြစတြေးလျကောင်စစ်ဝန်ရုံးသို့ ပေးပို့ခဲ့ကြောင်း ရှမ်းပြည်နယ် မြစ်ချောင်းလှုပ်ရှားသူများကွန်ရက်မှ သတင်းထုတ်ပြန်ခဲ့သည်။


ထုတ်ပြန်ချက်တွင် သံလွင်ရေကာတာများအား လက်မခံနိုင်ကြောင်း ရှမ်းပြည်သူ လူထု ၂၃၇၁၇ ဦး စုပေါင်းလက်မှတ်ရေးထိုးပြီး သြဂုတ် ၂၅ ရက်တွင် ရှမ်းလူထုကိုယ်စားလှယ်များက သြစတြေးလျကောင်စစ်ဝန်ရုံးအပြင် သြစတြေးလျအခြေစိုက် SMEC ကုမ္ပဏီသို့ ပေးပိုခဲ့ကြောင်း ရေးသားထားသည်။

“ သံလွင်မြစ်ဟာ မြန်မာနိုင်ငံထဲမှာ နေထိုင်နေတဲ့ သန်းနဲ့ချီတဲ့ လူဦးရေတွေရဲ့ အသက်သွေးကြောဖြစ်တယ်။ အသက်သွေးကြောတွေကို အစိုးရက နိုင်ငံရပ်ခြားကုမ္ပဏီတွေကို ရောင်းချပေးဖို့ မသင့်ဘူး”ဟု ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်ရှိ နန်းခမ်းနောင့် က ပြောကြားသည်။

ထိုကဲ့သို့ လက်မှတ်ရေးထိုးပေးပို့ခြင်းသည် နိုင်ငံတော်အစိုးရက သံလွင်မြစ်ပေါ်တွင် ရေကာတာများ တည်ဆောက်ပြီး နိုင်ငံခြားသို့ လျှပ်စစ်အား ရောင်းချသွားမည်ဖြစ်သောကြောင့် ရှမ်းပြည်နယ်ဒေသခံများက သံလွင်ရေကာတာအား လက်မခံကြောင်းကို လက်မှတ်ရေးထိုးကာ ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် မတ်လအတွင်းက ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အရှေ့တောင်အာရှ၌ အကြီးဆုံးရေကာတာဖြစ်လာမည့် မိုင်းတုံရေကာတာ တည်ဆောက်ရန် သြစတြေးလျ အခြေစိုက် SMEC ကုမ္ပဏီက သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအ၀ိုင်းများ ထိခိုက်မှု စစ်တမ်းကောက်ယူခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ EIA/SIA ကောက်ယူခြင်းကို ယခုနှစ်အတွင်း အပြီးသတ်လုပ်ဆောင်မည်ဖြစ်ပြီး၊ ထိုကဲ့သို့ ဒေသတွင်း စစ်တမ်းကောက်ယူရာတွင် စီမံကိန်းကြောင့် ထိခိုက်နိုင်သည့် နေရာများမှ ဒေသခံများက SMEC ကုမ္ပဏီအား ဆန့်ကျင်ကန့်ကွက်မှုများ ရှိခဲ့သည်။

ထိုကဲ့သို့ ဆန့်ကျင်ကန့်ကွက်မှုများတွင် “၀” ဒေသအတွင်း SMEC ကုမ္ပဏီမှ EIA/SIA  အချက်အလက်ကောက်ယူခွင့်ကို UWSA  မှ လက်မခံခဲ့ကြောင်း သိရသည်။

မိုင်းတုံရေကာတာ စီမံကိန်းသည် တရုတ်၊ ထိုင်းနှင့် မြန်မာကုမ္ပဏီများဖြစ်သည့် China’s Three Gorges Corporation  (တရုတ်) ၊ The Electricity Generating Authority of Thailand (ထိုင်း) ၊ International Group of Entrepreneurs  ( မြန်မာ) နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ လုပ်ဆောင်သွားမည့်စီမံကိန်း ဖြစ်သည်။

မိုင်းတုံရေကာတာသည် ရေကာတာ အမြင့် ( ၂၄၁ ) မီတာရှိပြီး ရေအားလျှပ်စစ် ( ၇၀၀၀ ) မီတာဝပ်ကို ထုတ်လုပ်နိုင်မည်ဖြစ်ကာ  ရာခိုင်နှုန်း ၉၀ ကို ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ရောင်းချသွားမည် ဖြစ်သည်။ မိုင်းတုံရေကာတာ၏ ရေလှောင်ကန်သည် (၆၄၁) ကီလိုမီတာ  စတုရန်းပတ်လည်ရှိပြီး ရေလောင်ကန်မှ ရေသည် ရှမ်းပြည်နယ်တစ်လျှောက်၏ သုံးပုံနှစ်ပုံအထိ ရေမြင့်တက်လာစေမည်ဖြစ်ကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment