Thursday, August 27, 2015

သစ်ထုတ်လုပ်မှု မပြုလုပ်ရသေးဘဲ မူလအတိုင်း တည်ရှိနေသည့် သစ်တောဖုံးလွှမ်းမှုမှာ ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိ၊ တရားမ၀င် ထုတ်လုပ်မှုများခြင်း၊ အကျင့်ပျက်ခြစားမှုများ ရှိခြင်းနှင့် များစွာသော နိုင်ငံတော်စီမံကိန်းများကြောင့် သစ်တောများပြုန်းတီးခဲ့ရဟုဆို

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု အနေအထားကို လေ့လာကြည့်ပါက သစ်ထုတ်လုပ်မှု လုံးဝမပြုလုပ်ရသေးဘဲ မူလအတိုင်း တည်ရှိနေသည့် သစ်တောဖုံးလွှမ်းမှုမှာ ၁၀ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူက FAO ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး သြဂုတ် ၂၆ ရက်က ရန်ကုန်မြို့ Sky Star ဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်က ကြီးမှူးကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။
“FAO က မြန်မာနိုင်ငံမှာ သစ်တောဖုံးလွှမ်းမှု ၄၈ ရာခိုင်နှုန်း ရှိတယ်လို့ ပြောပါတယ်။ ၄၂ ရာခိုင်နှုန်းလို့ပြောတဲ့ ထုတ်ပြန်ချက်တွေကိုလည်း တွေ့ဖူးပါတယ်။ ၂၀ ရာခိုင်နှုန်းအောက်ကို ရောက်သွားပြီလို့ပြောတဲ့ ထုတ်ပြန်ချက်တွေကိုလည်း ကျွန်တော်တို့ ဖတ်ဖူးပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် Primary Forest ဟာ ၁၀ ရာခိုင်နှုန်းပဲ ရှိတော့တယ်ဆိုတာ FAO က ပြောထားပါတယ်။ Primary Forest ဆိုတာ သစ်တောတစ်ခုလုံးကို လုံးဝမထိခိုက်ရဘဲနဲ့ သစ်တောဟာ မူလအတိုင်း အပြောင်းအလဲမရှိဘဲနဲ့ ဆက်လက်တည်တံ့နေတဲ့ မူလသစ်တောကို ခေါ်တာပါ။ အဓိပ္ပာယ်ကတော့ လုံးဝမထိရသေးတဲ့ သစ်တောဟာ ၁၀ ရာခိုင်နှုန်းပဲ ရှိတော့တယ်” ဟု မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုနှင့် စီမံအုပ်ချုပ်မှု အားနည်းခြင်း၊ သစ်တောများအပေါ် နိုင်ငံတော်ပိုင်ထုတ်လုပ်မှု ပိုမိုခဲ့ခြင်း၊ တရားမ၀င်ထုတ်လုပ်မှုများ မတားဆီးနိုင်ခဲ့ခြင်း၊ အကျင့်ပျက်ခြစားမှုများ ရှိခြင်းနှင့် မြောက်မြားစွာသော နိုင်ငံတော်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းများကြောင့် သစ်တောများ ပြုန်းတီးခဲ့ရကြောင်း၊ ယင်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများ၊ လူမှုစီးပွားရေး ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်မှ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု အနေအထားမှာ ၁၈၅၆ ခုနှစ်တွင် ရာခိုင်နှုန်း ၇၀၊ ၁၉၂၅ ခုနှစ် ၆၅ ဒသမ ၈ ရာခိုင်နှုန်း၊ ၁၉၅၇ ခုနှစ်တွင် ၅၇ ဒသမ ၂ ရာခိုင်နှုန်း၊ ၁၉၇၅ ခုနှစ်တွင် ၅၂ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

“FAO က ၂၀၁၀ ပြည့်နှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Close Forest အရ မြန်မာနိုင်ငံမှာ သစ်တောဖုံးလွှမ်းမှုက ၄၆ ဒသမ ၉ ရာခိုင်နှုန်း ရှိတယ်။ အဲဒီထဲမှာ Close Forest လို့ခေါ်တဲ့ သစ်တောကောင်းဖုံးလွှမ်းမှုက ၁၉ ဒသမ ၈၇ ရာခိုင်နှုန်းပေါ့။ သစ်တောကောင်းက ရာခိုင်နှုန်း ၂၀ နီးပါး ကျန်သေးတယ်လို့ ထုတ်ပြန်ထားတယ်။ ကျိုးတိုးကျဲတဲဖြစ်နေတဲ့ Open Forest က ၂၇ ဒသမ ၀၉ ရာခိုင်နှုန်းရှိတယ်လို့ သိရတယ်။ FAO က ဒီ ၂၀၁၅ မှာထုတ်ပြန်မယ့် Report မှာတော့ သစ်တောကောင်းကလည်း ၂၀၁၀ မှာရှိတဲ့ဟာထက် လျော့နည်းဖို့ သေချာနေပါတယ်” ဟု သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးတင်အေးက ၂၀၁၅ ခုနှစ် ဇန်န၀ါရီအတွင်းက ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ဒေသတွင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု အနေအထားမှာ ၅၂ ရာခိုင်နှုန်းရှိကြောင်း၊ မလေးရှားနိုင်ငံတွင် ၆၂ ရာခိုင်နှုန်းရှိကြောင်းနှင့် ထိုင်းနိုင်ငံတွင်မူ ၃၇ ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။

“ထိုင်းမှာ သစ်တောဖုံးလွှမ်းမှု ၃၇ ရာခိုင်နှုန်း ရှိနေပါတယ်။ ၃၇ ရာခိုင်နှုန်းရဲ့ ၃၅ ရာခိုင်နှုန်းက Primary Forest တွေဖြစ်ပါတယ်။ ထိုင်းဟာ သစ်မထုတ်တဲ့အတွက် ကျွန်တော်တို့ဒေသမှာ ဗီယက်နမ်နဲ့ ထိုင်းဟာ အဓိကသစ်တင်သွင်းသူတွေ ဖြစ်လာပါတယ်။ ဘယ်ကတင်သွင်းလဲဆိုရင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ အာဖရိက၊ US၊ EU စတဲ့နိုင်ငံတွေက တင်သွင်းနေတာပါ။ ဒါတွေကို ကြည့်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် မတူတဲ့ အစိုးရရဲ့ စီမံအုပ်ချုပ်မှုတွေ၊ သစ်တောစီမံခန့်ခွဲမှုတွေက ဒီမှာ အဖြေကို အနည်းငယ် ယှဉ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့မှာ ကျန်တဲ့သစ်တောဖုံးလွှမ်းမှုတွေကို မိမိရဲ့ အားနည်းချက် အားသာချက်တွေကို သုံးသပ်လို့ရမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဦးကျော်သူက ဆက်လက်ပြောကြားသည်။

သစ်တောများ ပျက်ကွယ်ရခြင်း အကြောင်းရင်းများအနက် သစ်ထုတ်လုပ်ခြင်းနှင့် တရားမ၀င်သစ်ထုတ်လုပ်ခြင်း (Illegal Logging) များ၊ သတ္တုတူးဖော်ခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် တောမီးလောင်ခြင်းမျိုးကဲ့သို့ သဘာဝဘေးအန္တရယ်များကြောင့် ပျက်စီးပျောက်ကွယ်နေရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတို့အနက် တရားမ၀င် သစ်ထုတ်လုပ်ခြင်းသည် အဓိကအကြောင်းခြင်းရာ ဖြစ်ကြောင်း၊ တရားမ၀င် သစ်ထုတ်လုပ်ခြင်းတွင် အဓိကအကြောင်းရင်းလေးခု ပါကြောင်း၊ ခုတ်လှဲခြင်း၊ ခွဲစိတ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ရောင်းခြင်း၊ ၀ယ်ခြင်းတို့ဖြစ်ကြောင်း၊ အဆိုပါလေးခုအနက် မည့်သည့်အချက်ကိုမဆို ပြုလုပ်ပါက Illegal Logging ဟု သတ်မှတ်ကြောင်းလည်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment