Tuesday, December 16, 2014

ခရီးသည်တင် လေယာဉ်နှင့် တိုက်မိလုနီးပါးထိ နီးကပ်စွာ ရုရှားတိုက်လေယာဉ် ပျံသန်းခဲ့ဟု ဆွီဒင်စွပ်စွဲ


နိုင်ငံတကာ လေပိုင်နက်တွင် ရုရှား ဂျက်တိုက်လေယာဉ် တစ်စီးသည် မိမိတို့၏ ခရီးသည်တင် လေယာဉ်တစ်စီးကို ဝင်တိုက်လုနီးပါးထိ နီးကပ်စွာ ပျံသန်းခဲ့ကြောင်း ဆွီဒင်အစိုးရက စွပ်စွဲ ပြောကြားလိုက်သည်။

ဒီဇင်ဘာ ၁၂ ရက်က SAS လေကြောင်းပိုင် SK1755 ခရီးသည် လေယာဉ်သည် ဒိန်းမတ်နိုင်ငံ၏ ကိုပင်ဟေဂင်မြို့တော်မှ ပိုလန်ပိုင် ပေါ့ဇ်နန်မြို့သို့ ပျံသန်းနေခဲ့သည်။ ထို့နောက် ရုရှားတိုက်လေယာဉ်တစ်စီးနှင့် ဝင်တိုက်မိနိုင်သော အခြေအနေမျိုးကြောင့် မဖြစ်မနေ လမ်းကြောင်းပြောင်းခဲ့ရကြောင်း ဆွီဒင် လေကြောင်းထိန်းသိမ်းရေး တာဝန်ရှိသူများက ဆိုသည်။

ဆွီဒင်၏ စွပ်စွဲချက်ကို ရုရှားဘက်က ငြင်းဆန်ပြီး ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မိမိတို့၏ တိုက်လေယာဉ်သည် ခရီးသည်တင် လေယာဉ်နှင့် လုံခြုံစိတ်ချရသည့် အကွာအဝေးမှ ပျံသန်းခဲ့ကြောင်း တုံ့ပြန်ခဲ့သည်။

“ရုရှား တိုက်လေယာဉ်ဟာ နိုင်ငံတကာ သတ်မှတ် စံနှုန်းတွေအတိုင်း တင်းတင်းကျပ်ကျပ် လိုက်နာပြီး ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ဘယ်နိုင်ငံရဲ့ နယ်နိမိတ်ကိုမှ ကျူးကျော်ခဲ့တာ မဟုတ်သလို အရပ်ဘက် ခရီးသည်တင် လေယာဉ်တွေရဲ့ ပျံသန်းမှု လမ်းကြောင်းကနေ လုံခြုံဘေးကင်းတဲ့ အကွာအဝေးမျိုး သတ်မှတ် ပျံသန်းခဲ့ပါတယ်”ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် အိုင်ဂေါ် ကွန်နက်ရှန်ကိုက ပြောကြားခဲ့သည်။

ယူကရိန်း အရေးနှင့် ပတ်သက်ပြီး ရုရှားနှင့် အနောက်အုပ်စု မဟာမိတ်များကြား ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပေါ်နေစဉ် ရုရှား တိုက်လေယာဉ်များသည် ဥရောပတလွှားတွင် အငြင်းပွားစရာ အခြေအနေများ ဖန်တီးသည့် ပျံသန်းမှုများ ပြုလုပ်ခဲ့ဖူးသည်။

ပြီးခဲ့သည့် လကလည်း အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ကျော်ကာ ရုရှားတိုက်သင်္ဘော အုပ်စုတစ်ခု ဖြတ်သန်း ခုတ်မောင်းသွားခဲ့ဖူးရာ ဗြိတိန်ရေတပ်က လိုက်လံစောင့်ကြည့်ခဲ့ရသည်။

_Ref: Irishexaminer

0 comments:

Post a Comment