ဩစတြေးလျရဲများက ၁၆ နာရီကြာ ပြန်ပေးဆွဲခံထားရသော ဆစ်ဒနီကော်ဖီဆိုင်ကို လက်နက်အပြည့်အစုံဖြင့် အင်အားသုံး ဝင်ရောက်စီးနင်းရာ ပြန်ပေးဆွဲသူအပါအဝင် လူ ၂ ဦးသေဆုံးသည်ဟု ရှေ့ပြေးသတင်းများက ဆိုသည်။ ပြန်ပေးဆွဲသူမှာ ၄၉ နှစ်အရွယ် Man Haron Monis ဆိုသူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် "တရားဟောဆရာ၊ ငြိမ်းချမ်းရေးလှုပ်ရှားသူ" အဖြစ် သတ်မှတ်သူဖြစ်သည်။ သူ၏ အခြားအမည်များမှာ Mohammad Hassan Manteghi နှင့် Manteghi Boroujerdi ဖြစ်ပြီး ၂၀၀၇ နှင့် ၂၀၀၉ ကြား အာဖဂန်နစ္စတန်တွင် ကျဆုံးသွားသော ဩစတြေးလျ တပ်သားများနှင့် အကြမ်းဖက်မှုကြောင့် သေဆုံးသွားသူများ၏ မိဘ ဆွေမျိုးသားချင်းများကို မတော်မတရား ရေးထားသော စာများ ပေးပို့ခဲ့သူဖြစ်သည်။ အီရန်နိုင်ငံဖွားဖြစ်သူ Man Haron Monis သည် ရှီယိုက်မှ ဆွန်နီသို့ လွန်ခဲ့သည့်အပတ်ကမှ ကူးပြောင်းခဲ့သူ ဖြစ်ပြီး ၎င်း၏ မယားဟောင်းဖြစ်သူ အသတ်ခံရမှုတွင်လည်း ပါဝင်ပတ်သက်နေနိုင်သည်ဟု သင်္ကာမကင်း စွပ်စွဲခံထားရသည်။ ၎င်းသည် ဩစတြေးလျသို့ လွန်ခဲ့သော ၅ နှစ်က ရောက်ရှိလာပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။ တချိန်တည်းတွင် ဩစတြေးလျနိုင်ငံသား အများအပြားက အစ္စလာမ်မုန်းတီးရေး မဖြစ်ပွားစေရန် ရည်ရွယ်ပြီး အစ္စလာမ်ဘာသာရေးအရ ဝတ်စားဆင်ယင်သူများအား အမြင်မစောင်း အမုန်းမပွားဘဲ အလုပ်တူတူ လုပ်မည်၊ ရထားအတူတူ စီးမည် #illridewithyou ဟူသော လှုပ်ရှားမှုကို ဆိုရှယ်မီဒီယာ Twitter တွင် ရေးသားနေကြသည်။
Credit to : ဧရာဝတီ
0 comments:
Post a Comment