Friday, August 1, 2014

မြန်မာနိုင်ငံနှင့် လိုက်လျော ညီထွေမှု ရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာ စေရန် လေ့လာ သုံးသပ်ရေး ကော်မရှင်ကို အဖွဲ့ဝင် (၂၄) ဦးဖြင့် ဖွဲ့စည်း


 မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှု ရှိမည့် ရွေးကောက်ပွဲ စနစ် ပေါ်ပေါက်လာရေး အတွက် လေ့လာ သုံးသပ်ရေး ကော်မရှင်ကို အဖွဲ့ဝင် (၂၄) ဦးဖြင့် ပြည်သူ့ လွှတ်တော်တွင် ဖွဲ့စည်း လိုက်ကြောင်း သတင်း ရရှိသည်။ ပုဇွန်တောင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင် က ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်နှင့် လိုက်လျော ညီထွေမှု ရှိပြီး ဒီမိုကရေစီ စနစ်အား ပိုမို ဖော်ဆောင် နိုင်သော ရွေးကောက်ပွဲ စနစ်ကို ရွေးချယ် ကျင့်သုံးနိုင်ရေး အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် လိုက်လျော ညီထွေမှု ရှိမည့် ရွေးကောက်ပွဲ စနစ် ပေါ်ပေါက်လာ စေရေး လေ့လာ သုံးသပ်ရေး ကော်မတီ ကော်မရှင် တစ်ရပ် ဖွဲ့စည်း ဆောင်ရွက်ပေးရန် အဆိုတစ်ရပ် တင်သွင်းခဲ့ရာ ယင်း အဆိုကို ပြည်သူ့ လွှတ်တော်တွင် ကိုယ်စား လှယ် (၃၉) ဦးက ဆွေးနွေးခဲ့ပြီး ပြည်သူ့ လွှတ်တော်က အတည်ပြုခဲ့ သောကြောင့် ယခု ကဲ့သို့သော ကော်မရှင် တစ်ရပ် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

            ဒီကော်မရှင်ရဲ့ အစီရင်ခံစာဟာ အချိုးကျ ကိုယ်စားပြုစနစ်ကို အခြေခံသည့် ရွေးကောက်ပွဲ နည်းလမ်းကို ကော်မရှင် ဖွဲ့မည်ဆို ပါက လွှတ်တော် အစည်းအဝေးမှာ နောက်ဆုံး လွှတ်တော်ကို အချိန်မီ ကျွန်တော် တင်ပြပါတယ်။ တင်ပြတဲ့ နေရာမှာခုနက တင်ပြ ထားတဲ့ အချိုးကျ ကိုယ်စားပြု စနစ်ကို အခြေခံ တာလည်း ဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ်ရင် FPTP ကို အခြေခံ တာလည်း ဖြစ်ချင် ဖြစ်မယ်။ သို့မဟုတ် ရင် FPTP ရော၊ အချိုးကျ ကိုယ်စားပြုတာ ရော အခြေခံတာ ဖြစ်ချင်ဖြစ်မယ်။ အရေးကြီးတာက ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ လိုက်လျော ညီထွေရှိမယ့် ရွေးကောက်ပွဲ စနစ်ကို လေ့လာ သုံးသပ်ဖော် ဆောင်ပေးဖို့ ဒီကော်မရှင် ဖွဲ့စည်းပေးတယ် ဆိုတာကိုတော့ ကိုယ်စားလှယ်များ အားလုံးနားလည်ဖို့ လိုပါလိမ့်မယ် ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောသည်။

             အဆိုပါ ကော်မရှင်ကို ဖွဲ့စည်းရာတွင် အဆိုကို စတင် တင်သွင်းလာသော NDF ပါတီမှ ကိုယ်စားလှယ်နှစ်ဦး၊ NLD ပါတီမှ ကိုယ်စားလှယ်နှစ်ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်ငါးဦး၊ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးနှင့်ကျန် ပါတီငယ်များမှ အမည်စာရင်း တင် သွင်းလာသော ကိုယ်စားလှယ်များကို ရွေးချယ်၍ အဖွဲ့ဝင် (၂၄) ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ယင်း ကော်မတီ၏လုပ်ငန်း တာဝန်များမှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် လိုက်လျော ညီထွေမှုရှိမည့် ရွေးကောက်ပွဲ စနစ်ပေါ်ပေါက်လာ စေရန် လေ့လာသုံးသပ်ကာ သင့်တော်သော စနစ်ကို ရွေးချယ်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်ဖြစ်ပြီး၊ ကော်မရှင်၏ သက်တမ်းကို ရက်ပေါင်း(၆၀) သတ်မှတ်ထားကြောင်း သိရသည်။

              ကော်မရှင် ဖွဲ့စည်းခြင်းဟာ မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲ စနစ်ကို ဖော်ဆောင်ပေးနိုင်ဖို့ အတွက် ကော်မရှင်က အစီရင်ခံစာ သုံး သပ်တင်ပြ ဖို့ပဲ ဖြစ်ပါတယ်။တင်ပြလာတဲ့ အစီရင်ခံစာကို ဥက္ကဋ္ဌက တစ်ဆင့် လွှတ်တော်အတွင်းမှာ ဆွေးနွေးပြီးတဲ့ အခါမှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်နဲ့ ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီမှာတင် မပြီးသေးပါဘူး။ လွှတ်တော်က ဆွေးနွေး ဆုံးဖြတ် အတည်ပြုပြီးတဲ့ ကိစ္စကို ပြည်ထောင်စု လွှတ် တော်ကို တင်ပြ၊ ပြည်ထောင်စု လွှတ်တော်က ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီး ဆောင်ရွက်မှာဖြစ်တဲ့ ကိစ္စဆိုတာကို လွှတ်တော်ကိုယ်စားလှယ်အားလုံး နားလည် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အဲလို ဆောင်ရွက်တဲ့အခါမှာ ပြည်ထောင်စု လွှတ် တော်က ဥပဒေ ပြဋ္ဌာန်းလိုက်တဲ့ အခါကျမှ ဒီနေ့ ဆွေးနွေးပြောဆို နေကြတဲ့ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွတ်မှု ရှိမရှိဆိုတာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးရဲ့ အဆုံးအဖြတ် နဲ့ သာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ် ဟု သူရ ဦးရွှေမန်းက ပြောသည်။ အဆိုပါ ကော်မရှင်သည် ယမန်နေ့က စတင်အသက်ဝင်ခဲ့ပြီး ကော်မရှင်၏ ပထမဆုံး အစည်းအဝေးတစ်ခု ကိုလည်း ပြည်သူ့လွှတ်တော် အစည်းအဝေး (၃၈) ရက်မြောက်နေ့  ပြီးဆုံးချိန်တွင် ဆက်လက် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

The Messager Journal

0 comments:

Post a Comment