မြောက်ကိုရီးယားအစိုးရသည် နိုင်ငံအတွင်း လက်ရှိအသုံးပြုနေသည့် ငွေစက္ကူများနေရာတွင် အစားထိုးရန် ဒီဇိုင်းသစ်ငွေစက္ကူများကို ထုတ်ဝေခဲ့ကြောင်း သိရှိရသည်။ တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာန (NIS) က မြောက်ကိုရီးယားအစိုးရ၏ လုပ်ဆောင်မှုသည် ပြည်သူများ၏ ပုဂ္ဂလိက ငွေကြေးစုဆောင်း သိုမှီးထားမှု လျှို့ဝှက်ချက်များကို ဖယ်ရှားရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ဇူလိုင် ၃၀ ရက်က စတင်ထုတ်ဝေခဲ့သော ငွေစက္ကူသစ်များတွင် ကွယ်လွန်သူ အာဏာရှင်ခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီလ်ပုံ ရိုက်နှိပ်ထားသည့် ဝမ် ၅၀၀၀ တန် ငွေစက္ကူများလည်းပါဝင်ကြောင်း သတင်းများထွက်ပေါ်နေသည်။
လက်ရှိသုံးစွဲနေသည့် ငွေစက္ကူ အဟောင်းများကို အချိန်အတိုင်းအတာတစ်ရပ်အတွင်း ပယ်ဖျက်ပစ်ပြီး ငွေစက္ကူ အသစ်များနှင့် လဲလှယ်ရန် မြောက်ကိုရီးယားအစိုးရက အမိန့်ထုတ်ပြန်ခဲ့သည်ဟု NIS ကဆိုသည်။ “ဒီလုပ်ဆောင်မှုက ငွေကြေးအလုံးအရင်း စုဆောင်းထားတဲ့ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ငွေကြေးအားလုံးကို မဖြစ်မနေထုတ်ပြလာရဖို့ လုပ်ဆောင်လိုက်တဲ့ သဘောမျိုးဖြစ်နေတယ်” ဟု တောင်ကိုရီးယား ဥပဒေပြု အမတ်တစ်ဦးဖြစ်သည့် လီချိုလ်ဝူက ယွန်ဟပ်သတင်းစာသို့ မှတ်ချက်ပြုပြောကြားခဲ့သည်။
မြောက်ကိုရီးယားတွင် အစိုးရက ခွဲဝေဖြန့်ချိပေးသည့် ပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့်ရယူပြီး တစ်ဆင့်ရောင်းချသည့် မှောင်ခိုဈေးကွက် ကျယ်ပြန့်နေပြီး တရုတ်ယွမ်ငွေကို အဓိက အသုံးပြုပေးချေလေ့ ရှိကြသည်။ ထိုအခြေအနေက တရားမဝင် ငွေကြေးလဲလှယ်မှု ဈေးကွက်တစ်ခုကိုလည်း ကြီးထွားလာစေကြောင်း သိရှိရသည်။
Ref - ChannelNewsAsia

0 comments:
Post a Comment