အမျိုးသမီးတစ်ဦးကို ဘတ်စ်ကားပေါ်တွင် အမျိုးသားတစ်စုက အုပ်စုဖွဲ့ အနိုင်ကျင့်နေဟန် ရိုက်ကူးထားသည့် ဖက်ရှင်ဓာတ်ပုံများကြောင့် အိန္ဒိယ ဓာတ်ပုံဆရာတစ်ဦး ပြင်းထန်သော ဝေဖန်မှုများနှင့် ကြုံနေရကြောင်း သတင်းရရှိသည်။
အိန္ဒိယတွင် ဆေးကျောင်းသူ မိန်းကလေးတစ်ဦး ဘတ်စ်ကားပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီး အသက်ဆုံးရှုံးခဲ့သည့် မှုခင်းမှာ ကမ္ဘာကျော် သတင်းတစ်ခု ဖြစ်ခဲ့ပြီး အိန္ဒိယ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများကို အုပ်စုဖွဲ့ အနိုင်ကျင့်မှုများအပေါ် နာကြည်းမှုများ တိုးပွားလာခဲ့သည်။
ထိုအခြေအနေတွင် ဖက်ရှင်ဓာတ်ပုံဆရာ ရာ့ဂ်ျရှတ္တရီက The Wrong Turn အမည်ရှိ ဖက်ရှင်ဓာတ်ပုံ Collection တစ်ခုကို အင်တာနက်တွင် လွှင့်တင်ခဲ့သည်။ ယင်းဓာတ်ပုံများမှာ ဖက်ရှင်အဆန်းအပြားများ ဝတ်ဆင်ထားသည့် အမျိုးသမီး မော်ဒယ်လ်တစ်ဦးကို ဘတ်စ်ကား တစ်စီးပေါ်တွင် အမျိုးသားတစ်စုက ဝိုင်းဝန်း အနိုင်ကျင့်နေကြပုံကို ရှုထောင့် အမျိုးမျိုး၊ အနေအထား အမျိုးမျိုးဖြင့် ကိုယ်ဟန်ပြစေပြီး ရိုက်ကူးထားခြင်း ဖြစ်သည်။
ထိုဓာတ်ပုံများအကြောင်း မီဒီယာများက ဖော်ပြကြရာမှ ဝေဖန်မှုများ မြင့်တက်လာသည့်နောက် အင်တာနက်ပေါ် လွှင့်တင်ထားရာမှ ပြန်လည် ရုပ်သိမ်းသွားခဲ့သည်။ (၂၀၁၂)ခုနှစ်၊ ဒီဇင်ဘာလက မိန်းကလေးတစ်ဦး၊ ဒေလီရှိ ဘတ်စ်ကား တစ်စီးပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီး အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်မှာ အဆိုပါ ဓာတ်ပုံများကြောင့် အမှတ်ရစရာ ဖြစ်လာခဲ့သည်။ ရှတ္တရီကမူ မိမိ၏ ဓာတ်ပုံများသည် အဆိုပါ ဖြစ်ရပ်ကို အခြေခံထားခြင်းမဟုတ်ဟု ကာကွယ် ပြောကြားခဲ့သည်။
Buzzfeed နှင့် အင်တာဗျူးတွင် ရှတ္တရီက “ဒီဖြစ်ရပ်နဲ့ မဆိုင်ပါဘူး။ ဒါပေမဲ့ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ရပ်ကို ဓာတ်ပုံဆရာ တစ်ယောက်ရဲ့ အတွင်းစိတ်အမြင်နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကျွန်တော့်မှာ အမေ၊ ညီမ၊ ချစ်သူတို့ ရှိနေပါတယ်။ ဒီဖြစ်ရပ်မျိုး သူတို့လည်း ကြုံနိုင်တယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်”ဟု ဆိုသည်။ (၂၀၁၂)ခုနှစ်၊ မှုခင်းဖြစ်ရပ်တွင် အသက် (၂၃)နှစ်အရွယ် ဆေးကျောင်းသူတစ်ဦးသည် အမျိုးသား သူငယ်ချင်း တစ်ဦးနှင့်အတူ ရုပ်ရှင်ကြည့်ပြီး အိမ်ပြန်လာချိန်တွင် ဘတ်စ်ကားပေါ်၌ လူ(၆)ဦးက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြသည်။
အမျိုးသမီးကို စင်ကာပူသို့ ပို့ဆောင်ပြီး ကုသပေးခဲ့သော်လည်း (၁၃)ရက် အကြာတွင် အတွင်းဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ပြီး အဆိုပါ ဖြစ်ရပ်သည် တစ်ကမ္ဘာလုံး တုန်လှုပ်လောက်စရာ သတင်းတစ်ခုအဖြစ် ကျော်ကြားခဲ့သည်။
_Ref: Channenlnewsasia

0 comments:
Post a Comment