ပဲခူးမြို့တွင် ရေကြီးနေသည်ကို ဩဂုတ် ၈ရက်က တွေ့ရစဉ်။ ပဲခူးတိုင်းအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့ရသည့် လယ်ယာမြေများအတွက် မျိုးစပါးကူညီရန် ကျပ်သန်းတစ်ထောင် လိုအပ်သည်ဟု တိုင်းအစိုးရအဖွဲ့က ပြောသည်။
ပဲခူးတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့ရသော လယ်စိုက်ခင်းများကို မျိုးစပါးကူညီပေးရန်အတွက် ကျပ်သန်းတစ်ထောင်ခန့် ကုန်ကျမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သန်းက သြဂုတ်လ ၂၁ တွင် မဇ္ဈိမကို ပြောသည်။
“အစကတော့ မျိုးစပါးပဲ ထောက်ပံ့ပေးမလို့ပါ။ ပျက်စီးမှုများတဲ့အတွက် ငွေကြေးနဲ့တွက်ပြီး ထောက်ပံ့ပေးတော့မယ်။နောက်ပြီး ကျပ်သန်းတစ်ထောင်လောက် ကုန်ကျမှာဖြစ်တဲ့အတွက် ပြည်ထောင်စု အစိုးရ ရန်ပုံငွေကို တင်ပြတောင်းခံထားပါတယ်။ ရန်ပုံငွေရလာမှပဲ ဘယ်လိုခွဲပြီး ထောက်ပံ့မယ်ဆိုတဲ့ အသေးစိတ် သိရပါမယ်” ဟု ၎င်းက ပြောသည်။
ပဲခူးခရိုင်အတွင်း ရေကြီးမှုများကြောင့် သနပ်ပင်၊ ဝေါ၊ က၀နှင့် ညောင်လေးပင်မြို့နယ်များရှိ လယ်စိုက်ဧကများ အများဆုံးပျက်စီးခဲ့ပြီး၊ ပျက်စီးလယ်စိုက်ဧကပေါင်း ၅ သောင်း ၇ ထောင်နှင့် ထိခိုက်သော လယ်ဧက ၆ သောင်း ရှိခဲ့သည်။ ပျက်စီးဆုံးရှုံးမှု များပြားလွန်းသောကြောင့် ကုန်ကျစရိတ်ကို သြဂုတ်လ ဒုတိယအပတ်အတွင်း၌ နေပြည်တော်နိုင်ငံတော်သမ္မတရုံးသို့ တင်ပြတောင်းခံထားကြောင်း ဆိုသည်။
“ဘယ်တော့ရမယ်ဆိုတာတော့ မသိရသေးဘူး။ ရရင်တော့ အမြန်ဆုံးကွင်းဆင်းပြီး ကူညီထောက်ပံ့ပေး မှာပါ” ဟု ဦးမောင်မောင်သန်းက ပြောသည်။
လယ်စိုက်ခင်းများပျက်စီးမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်များက ကွင်းဆင်းစစ်ဆေးမည်ဟုဆိုသော်လည်း လယ်သမားများထံသို့ လာရောက်စာရင်း ကောက်ခြင်းမရှိဘဲ မြေစာရင်းရုံးများက တင်ပြသောစာရင်းများဖြင့်သာ တောင်းခံခြင်းဖြစ်ကြောင်း သနပ်ပင်မြို့နယ်မှ လယ်သမား ဦးမျိုးဝင်းက ပြောသည်။
“ကျွန်တော်ဆို လယ်ဧက ၃၀ လောက်ပျက်စီးတယ်။ အကုန်ပြန်စိုက်ရမှာ။ စိုက်ပျိုးစရိတ်လည်း မတတ်နိုင်တော့ဘူး။ ဒါကြောင့် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးရင် မရမှာလည်း စိုးရိမ်ရတယ်။ ကူညီမယ်ဆိုရင်လည်း အမြန်ဆုံးကူညီစေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပျက်စီးသွားသော လယ်စိုက်ခင်းများကို မျိုးစပါးအကူညီပေးမည့်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်အလိုက် ပွင့်လင်းမြင်သာမှုရှိစွာ ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ၂၀၁၂ ခုနှစ် ပဲခူးတိုင်းအတွင်း ရေကြီးရေလျှံမှုများဖြစ်ခဲ့စဉ်က စပါးခိုက်ခင်းပျက်စီးသူများမှာ အကူအညီ အထောက်အပံ့မရဘဲ၊ မပျက်စီးသူများက အကူညီအထောက်ပံ့ရသော ဖြစ်စဉ်များရှိခဲ့ဖူး၍ အတိအကျဆောင်ရွက်ပေးရန်လိုအပ်ကြောင်း သနပ်ပင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောသည်။
“လယ်တစ်ဧကအတွက် ကုန်ကျစရိတ်က ပျိုးကြဲခင်းဆိုရင် တစ်သိန်းခွဲလောက် ကုန်ကျတယ်။ ပျိုးခင်းထောင် ပြီးမှစိုက်မယ်ဆိုရင် နှစ်သိန်းကျော်လောက် ကုန်တယ်။ ဒါဟာ လယ်သမားတစ်ယောက်က သူ့တို့လုပ်အားခ ကိုစိုက်ထုတ်ထားရတဲ့ ပမာဏပါ။ ဒီထက်လည်း ပိုကုန်နိုင်တယ်။ အခု ရေက လျော့ကျသွားပြီဆိုတော့ လယ်ပျက်စီးတဲ့လူတွေ၊ တတ်နိုင်တဲ့လူတွေကတော့ သူတို့မျိုးစပါးနဲ့ပဲ ပြန်စိုက်ကြတာတွေလည်းရှိတယ်” ဟု ၎င်းက ဆိုသည်။
Mizzima

0 comments:
Post a Comment